မိုင်းလားမှာ ပေါ်ဆန်းတစ်အိတ်ကို ကျပ်လေးသိန်းကျော် ပေါက်ဈေးရှိ
မဲခေါင်၊ ဒီဇင်ဘာ ၂၀
ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံ၊ မိုင်းလားကတဆင့် တရုတ်နယ်စပ် တာလော့ကို ဒေသဆန်တွေ ပြန်လည်သယ်ယူခွင့်ရပြီဖြစ်ပေမယ့် MNDAA ထိန်းချုပ်ထားတဲ့ မိုင်းလားမှာ ပေါ်ဆန်းတစ်အိတ်ကို ကျပ်လေးသိန်းလေးသောင်း ပေါက်ဈေးရှိတယ်လို့ မိုင်းလားဆန်စပါးစျေးကွက်က သိရပါတယ်။
ပြီးခဲ့တဲ့လပိုင်းက ကျိုင်းတုံကနေ မိုင်းလားဘက်ကို ဆန်နဲ့ စက်သုံးဆီ သယ်ဆောင်တာကို စစ်ကောင်စီက ကန့်သတ် ပိတ်ပင်ထားရာကနေ အခုရက်ပိုင်းမှာ ဆန်ကို ပြန်လည်သယ်ဆောင်ခွင့်ရနေတာလို့ မိုင်းလားဆန်စျေးကွက်က သိရပါတယ်။
“ ခုရက်ပိုင်းပဲ၊ ဟိုဘက်က မှာလာတာ၊ ဒေသဆန်ပေါ့၊ သူတို့က စပါးလိုချင်တာ၊ ဆန်ပဲသယ်လို့ရတာ၊ သူတို့ကြိုက်တဲ့ 881၊ 502တို့လို ဒေသဆန်က စီးတယ်၊ အိုးတော့ သိပ်မတက်ဘူး” လို့ မိုင်းလားဆန်ကုန်သည်က မဲခေါင်ကို ပြောပါတယ်။
ကျိုင်းတုံမှာ ဆန်တစ်အိတ်ကို ကျပ်နှစ်သိန်းတစ်သောင်း( ၂၁၀၀၀၀ ကျပ်) ရှိတဲ့ ရွှေသိင်္ဂီနဲ့ ဝိုင်အေလို ပေါ်ဆန်းတစ်အိတ်ကို မိုင်းလားမှာ ကျပ်လေးသိန်းလေးသောင်း( ၄၄၀၀၀၀ ကျပ်)၊ ဒေသရှမ်းဆန် တစ်အိတ်ကို ကျိုင်းတုံမှာကျပ်တစ်သိန်းခွဲ( ၁၅၀၀၀၀ ကျပ်) ရှိပြီး မိုင်းလားမှာ ကျပ်တစ်သိန်းရှစ်သောင်း( ၁၈၀၀၀၀ ကျပ်) အထိရှိနေတယ်လို့ပြောပါတယ်။
ကျိုင်းတုံဘက်က ပါမစ်နဲ့လာတယ်ပြောပေမယ့် ဆန်သယ်ဆောင်ခွင့် ပါမစ်ကို စစ်ကောင်စီက ပေးနေတယ်လို့သာ သိရပြီး ကျိုင်းတုံက ဆန်ကုန်သည်တွေကတော့ တရားဝင်ပြောတာမရှိပါဘူး။
“ ကျိုင်းတုံဆန်ကုန်သည်တွေက သူတို့စျေးကွက်ကို အခြားသူတွေ ဝင်မှာစိုးတာ၊ သိရသလောက်တော့ တြိဂံတိုင်းက သူတို့ရိက္ခာလောက်ရင် ကုန်သည်တွေနဲ့ညှိပြီး ပို့တာရှိတယ်၊ အရင်ကလည်း ဒီလိုပို့တာပါပဲ၊ ဝမ်တာပင်းဂိတ်ပိတ်တုန်းကတောင် မိုင်းဖြတ်ဘက်က ပတ်ပို့သေးတာ” လို့ကျိုင်းတုံဆန်စျေးကွက်နဲ့ နီးစပ်သူတစ်ဦးက မဲခေါင်ကို ပြောပါတယ်။
မနေ့က( ဒီဇင်ဘာ၁၉) ဆန်ကား ၁၀ စီးဝင်တာမှာ တစ်စီးသာ မိုင်းလားချပြီး တာလော့ကို ကိုးစီး ဝင်ချကြောင်းနဲ့ ၁၂ ဘီးကားတစ်စီးကို ဆန်အိတ်၂၀ နှုန်းနဲ့ ၁၅ တန်မျှ အနည်းဆုံး တင်ဆောင်ကြကြောင်း သိရပါတယ်။
မိုင်းလားမှာတော့ ဆန်ကို ကျင်နဲ့ရောင်းပြီး တစ်ကျင်မှာ ၃၀ ကျပ်သား(ဆန်နို့ဆီဘူး၅လုံးခန့်)ကို သုံးယွမ် စျေးရှိပါတယ်။ မိုင်းလားအနေနဲ့ ဒေသတွင်း ဆန်စားသုံးမှု လုံလောက်ပေမယ့် တရုတ်နိုင်ငံ ယူနန်ဘက်ကတော့ ကျိုင်းတုံဘက်က ရှမ်းဆန်ကို နှစ်စဉ်ရသမျှဝယ်ယူနေကြောင်း စုံစမ်းသိရပါတယ်။
ကျိုင်းတုံနဲ့ မိုင်းလားဟာ ၅၂ မိုင်ခန့်ဝေးပေမယ့် စစ်ကောင်စီထိန်းချုပ်နိုင်တာကတော့ ၂၄ မိုင်ဝေးတဲ့ ဝမ်တာပင်း တံတားအထိသာဖြစ်ပြီး တရုတ်ဘက်က နယ်စပ်ဂိတ်တွေပိတ်ပြီး တိုင်းရင်းသားတပ်တွေကို ဖိအားပေးနေတာမှာ NDAA ထိန်းချုပ်တဲ့မိုင်းလားကတော့မြန်မာဘက်က သစ်သီးဝလံ၊ ဝဥနဲ့ ဆန်တွေကို ပေးပို့နေတာဖြစ်ပါတယ်။
MK-012
#MekongNews








