မဲခေါင်၊ အောက်တိုဘာ ၃၁
အောက်တိုဘာ ၂၉ ရက်နေ့က ရုရှားနိုင်ငံ၊ ကော့ကေးဆက် မြောက်ပိုင်းမှာရှိတဲ့ မာကာချာကာ လာ လေဆိပ်ကို အစ္စရေးနိုင်ငံ တဲလ်အဗစ်မြို့က လေယာဉ်တစ်စီး ဆိုက်ရောက်လာချိန် ပါလက်စတိုင်းထောက်ခံ အစ္စရေးဆန့်ကျင်ရေးလှုပ်ရှားမှုအဖွဲ့အယောက် ၁၅၀ ကျော်ဟာ လေယာဉ်ကွင်းမှန်တံခါးတွေကို ရိုက်ခွဲ၊ လုံခြုံရေးတွေကို တွန်းဖယ်ရန်ပြုပြီး လေယာဉ်ပြေးလမ်းပေါ်အထိ ရုန်းရင်းဆန်ခတ်သွားရောက်ခဲ့ကြလို့ လေဆိပ်ကို ယာယီပိတ်ခဲ့ရပါတယ်။
ဒီဒေသဟာ အစ္စလမ်ဘာသာဝင်တွေအဓိက နေထိုင်ရာ ဒေသဖြစ်တာကြောင့် အစ္စရေး မုန်းတီးသူတွေဟာ ပါလက် စတိုင်းအလံတွေပါကိုင်စွဲပြီး လေယာဉ်ကွင်းထဲ ပြေးဝင်လို့ “ဘယ်မှာလဲ ဂျူးတွေ” လို့ အော်ဟစ်ခြိမ်းခြောက် ခဲ့ကြပါတယ်။
ဒီဒေသက မွတ်စလင်ဘာသာဝင်တွေရဲ့ ဘာသာရေးခေါင်းဆောင် ဆာဂျီမီလီကော့ဗ်က ဒါဂီစတန် သားတွေအားလုံးဟာ မတရားတဲ့ နိုင်ငံရေးသမားတွေရဲ့ လုပ်ကြံမှုကြောင့် ဒုက္ခရောက်နေရတဲ့ သူတွေကို စာနာသနားကြောင်း ပြောပါတယ်။
ပါလက်စတိုင်း ငြိမ်းချမ်းရေးအတွက် ဆုတောင်းကြောင်း၊ ဒါပေမဲ့ လေယာဉ်ပေါ် ပါလာတဲ့ အစ္စရေးပြည်သူတွေဟာ ဘာပြစ်မှုမှ ကျူးလွန်ထားတာမဟုတ်တဲ့ လက်နက်မဲ့ သူတွေသာဖြစ်လို့ ကွင်းထဲ လူအုပ်နဲ့ ပြေးဝင်ခြိမ်းခြောက်မှုဟာ ဥပဒေချိုးဖောက်တဲ့ ရာဇဝတ်မှုသာဖြစ်တယ်လို့ ပြောကြားသွားပါတယ်။
ရုရှားအာဏာပိုင်တွေရဲ့ ထုတ်ပြန်မှုအရ လေယာဉ်ပေါ်ပါလာတဲ့ဘယ်သူ တစ်ဦးတစ်ယောက်မှ ထိခိုက်ဒဏ်ရာရ ခြင်းမရှိဘဲ ရဲအရာရှိ ၉ ဦးအပါ အယောက် ၂၀ ကျော် ဒဏ်ရာရခဲ့ပြီး အယောက် ၆၀ ကျော်ကို ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ သိရပါတယ်။
ဒီဖြစ်စဉ်ဟာ The Guardian သတင်းဌာနရဲ့ တယ်လီဂရမ်မှာ အစ္စရေးကနေ စစ်ဘေးရှောင်ဒုက္ခသည်တွေ ရုရှားကို လေကြောင်းလိုင်းနဲ့ ရောက်လာမယ့် အချိန်အတိအကျကို ရေးတင်ခဲ့ရာက စတင်တာဖြစ်ပြီး ဒါဂီစတန်မှာ လူနည်းစုဖြစ်တဲ့ ဂျူးလူမျိုးအသိုင်းအဝိုင်းဟာ အခုဖြစ်စဉ်ကြောင့် စိုးရိမ်ထိတ်လန့် မှုတွေမြင့်တက်နေရပြီဖြစ်ပါတယ်။
အစ္စရေးဝန်ကြီးချုပ်က ရုရှားအစိုးရအနေနဲ့ နိုင်ငံတွင်းက ဂျူးတွေ၊ အစ္စရေး နိုင်ငံသားတွေကို အကာအကွယ်ပေးဖို့ တိုက်တွန်းတောင်းဆိုမှုလည်း လုပ်ခဲ့ပါတယ်။
Ref: independent
MKF-001
#MeKongNews
#ရုရှား
#အစ္စရေး
#ပါလက်စတိုင်း
#ဂျူး
#အကြမ်းဖက်








