မဲခေါင်၊ သြဂုတ် ၁၈
ရုရှားနိုင်ငံမှ ပစ်မှတ်များကို တိုက်ခိုက်ရာတွင် ဗြိတိန်နိုင်ငံလုပ် ဒရုန်းများ အသုံးပြုခဲ့ကြောင်း အတည်ပြုချက်များ ရှိခဲ့ပြီးနောက် ယူကရိန်းအကျပ်အတည်းကို ပို၍ အရှိန်မြင့်တက်စေရန် ဗြိတိန်က တမင်တကာ လုပ်ဆောင်ခဲ့သည်ဟု ရုရှားက စွပ်စွဲပြောကြားသည်။
“အဲဒီလို လုပ်ခြင်းအားဖြင့် အကြမ်းဖက်တိုက်ခိုက်မှုတွေနဲ့ ပြင်းထန်တဲ့ ပြစ်မှုတွေမှာ ဗြိတိန်က အလိုတူ အတူပါ ကျူးလွန်သူအဖြစ် ပြုမူနေပါတယ်” ဟု ဗြိတိန်နိုင်ငံမှ ရုရှားသံရုံးက ထုတ်ပြန်ပြောကြားသည်။
လန်ဒန်၏ လုပ်ရပ်များသည် နောက်ဆက်တွဲအကျိုးဆက်များကို ထွက်ပေါ်လာစေလိမ့်မည်ဖြစ်ကြောင်းနှင့် ပဋိပက္ခအတွင်း ပိုမိုပါဝင်လေ ပေးဆပ်ရမှု ပိုများလေ ဖြစ်လိမ့်မည်ဟုလည်း ရုရှားတို့၏ ထုတ်ပြန်ချက်က ဆက်ပြောသည်။
ယင်းကို တုံ့ပြန်ရာတွင် ဗြိတိန်နိုင်ငံသည် ယူကရိန်းနှင့် ရင်ပေါင်တန်း ရပ်တည်နေသည်ဟု ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဘီဘီစီသတင်းကို ပြောကြားသည်။
ယူကရိန်း၊ ဗြိတိန်နှင့် မိမိတို့၏ မဟာမိတ်များအပေါ် ရုရှား၏ ရန်လိုမှုကို ရင်ဆိုင်ရန် လက်ရှိဗြိတိန်အစိုးရ၏ စိတ်ပိုင်းဖြတ်ထားမှုကို ရုရှားက သံသယမရှိသင့်ကြောင်း ပြောရေးဆိုခွင့်ရှိသူက ထုတ်ပြန်ချက်တွင် ပြောကြားသည်။
ရုရှားသမ္မတ ဗလာဒီမာပူတင်၏ တရားမဝင်ကျူးကျော်မှုမှ ၎င်းကိုယ်၎င်း ကာကွယ်ရန် ယူကရိန်းက လိုအပ်သည့် ပစ္စည်းကိရိယာများထောက်ပံ့သွားရေးကို ဗြိတိန်က စိတ်နှစ်ထားကြောင်းလည်း ထုတ်ပြန်ချက်က ဆက်ပြောသည်။
ရုရှားတွင် အသုံးပြုခဲ့သည်ဆိုသော ဒရုန်းများကို မတူညီသော ဗြိတိန်ကုမ္ပဏီ ၂ ခုက ထုတ်လုပ်ခဲ့ပြီး ရုရှား၏ အကြီးဆုံးအွန်လိုင်းလက်လီလုပ်ငန်း Wildberries ၏ ဂိုထောင်များ၊ ရေနံချက်စက်ရုံများ အပါအဝင် စစ်ရေးပစ်မှတ်များ၊ စက်မှုလုပ်ငန်းများကို အောင်မြင်စွာ ပစ်ခတ်တိုက်ခိုက်၍ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုခဲ့ကြောင်း ဘီဘီစီသတင်း က ဖော်ပြသည်။
ရုရှားအပေါ် တိုက်ခိုက်မှုများတွင် ဗြိတိန်လုပ်ဒရုန်းများကို အသုံးပြုခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ခုကလည်း ဘီဘီစီကို အတည်ပြုခဲ့သည်။
ဗြိတိန်အစိတ်အပိုင်းများ အသုံးပြုထားသော ဒရုန်းများဖြင့် ရုရှားပိုင်နက်ထဲသို့ တိုက်ခိုက်ခဲ့ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာရီယာဇာခါရိုဗာကလည်း ပြောကြားခဲ့သည်။
စနေနေ့ညတွင် ယူကရိန်းက ရုရှားအား ဒရုန်းအစင်းပေါင်း ၈၂၂ စင်းဖြင့် တိုက်ခိုက်ခဲ့ကာ ၆၀၀ ခန့်က မြို့တော် မော်စကို ကိုဦးတည်ခဲ့ကြောင်း မော်စကိုဒေသ အုပ်ချုပ်ရေးမှူး၏ ပြောကြားမှုအရ သိရသည်။
ယူကရိန်းနိုင်ငံအတွက် တာဝေးသို့ပစ်ခတ်နိုင်သော ပစ္စည်များအပါအဝင် ထောင်နှင့်သောင်းနှင့်ချီသော ဒရုန်းများ ပံ့ပိုးပေးသွားမည်ဟု ဗြိတိန် ကာကွယ်ရေးဝန်ကြီးဌာနက ဧပြီလက ကြေညာခဲ့သည်။
အေးကျော်
Ref:BBC
#MekongNews
#ယူကရိန်း
#ဒရုန်းများ
#ဗြိတိန်
#ရုရှား








