မဲခေါင်၊ ဇန်နဝါရီ ၁၈
မန္တလေးတိုင်း၊ ကျောက်ဆည်မြို့ အခြေစိုက် People Revolution Force Kyause – PRF Kyaukse မှ ရဲဘော် ၂၁ ဦး စစ်ကောင်စီတပ်ကို တော်လှန်တိုက်ခိုက်ဖို့ အတွက် လေ့ကျင့် သင်ကြားမှု ပြီးတဲ့အတွက် သင်တန်းဆင်းပွဲကို မနေ့က ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
မနေ့က နေ့လယ်ပိုင်းက လွတ်မြောက်နယ်မြေ တနေရာမှာ ကျောက်ဆည်ခရိုင် အခြေစိုက် တော်လှန်ရေး အင်အားစု PRF Kyaukse မှ ဒုတာဝန်ခံ သင်တန်းမှူး မော်ကွန်း အပါအဝင် သင်တန်းမှူး ၃ ဦးက ဦးဆောင် သင်ကြားပေးတဲ့ သင်တန်း အမှတ်စဉ် (၄) ပြီးဆုံးတဲ့ အခမ်းအနားပြုလုပ်ခဲ့တာပါ။
အဲဒီ သင်တန်းအမှတ်စဉ် (၄) ကို PRF Kyaukse သင်တန်းသား ၁၅ ဦး ဒေသခံ ကျေးရွာ ကာကွယ်ရေး ပ.က.ဖ. ရပ်ကျေး အဖွဲ့ဝင် ၆ ဦး စုစုပေါင်း ၂၁ ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလ တစ်လအတွင်း စစ်ရေးပြ၊ ပြောက်ကျားစနစ်၊ စခန်းသိမ်း စစ်နည်းဗျူဟာ အပိုင်း ၃ ပိုင်းခွဲခြား သင်ကြားပေးခဲ့တာလို့ သိရပါတယ်။
“ NUG အမျိုးသား အစိုးရ ချမှတ်ထားသော လိုက်နာချက်များနှင့် အညီ အချိန်တစ်ခုထိ ဆောင်ရွက်ပြီးစီးပါက တိုက်ပွဲများအား ပြောက်ကျားစနစ်ဖြင့် စစ်ကောင်စီအား တိုက်ခိုက် ချေမှုန်းသွားမည် ဖြစ်သည်” လို့ PRF Kyaukse က ဆိုပါတယ်။
ဒီသင်တန်းဟာ P.R.F.K ရဲ့ အမှတ်စဉ် (၄) သင်တန်း ဖြစ်ပေမယ့် NUG က တပ်ဆင်ပေးထားတဲ့ လက်နက်၊ ခဲယမ်း မရှိတာကြောင့် ဒေသခံ ပြည်သူတွေရဲ့ အကူအညီနဲ့ ခက်ခက်ခဲခဲ ပြုလုပ်ခဲ့ရတာလို့ သိရပါတယ်။
MK-003