မဲခေါင်၊ နိုဝင်ဘာ ၂၇
တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်အတွင်း ကျားဖြန့်နှင့် အွန်လိုင်းဂိမ်းလုပ်ကိုင်နေသူ တရားမဝင် ထိုင်းနိုင်ငံသား ၂၆ ဦးနှင့် မြန်မာနိုင်ငံသား ၉ ဦး စုစုပေါင်း ၃၅ ဦးကို လုပ်ငန်းသုံး ကွန်ပျူတာများနှင့်အတူ ယနေ့ နိုဝင်ဘာ ၂၇ ရက် နံနက်ပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီဘက်က သတင်းထုတ်ပြန်သည်။
ယနေ့ နံနက် ၆ နာရီ ၃၀ မိနစ်ခန့်တွင် ဝမ်ကောင်းရပ်ကွက်၊ ကံ့ကော်လမ်းရှိ အိမ်အမှတ် (ဝက-၉/၅၀၆) ၌ တရားမဝင် ထိုင်းအမျိုးသား ၁၃ ဦးနှင့် ထိုင်းအမျိုးသမီး ၁၃ ဦး စုစုပေါင်း ၂၆ ဦးကို အွန်လိုင်းဂိမ်း လုပ်ကိုင်ရာတွင် အသုံးပြုသည့် All-in-One ကွန်ပျူတာ ၃၂ လုံး၊ System Box ၂ လုံးတို့နှင့်အတူ စစ်ကောင်စီ ပူးပေါင်းအဖွဲ့က ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။
ယင်းပတ်ဝန်းကျင်ရှိ နေအိမ်တစ်လုံးအတွင်းမှလည်း အွန်လိုင်းငွေကြေးလိမ်လည်မှု – ကျားဖြန့် လုပ်ကိုင်နေသူ မြန်မာအမျိုးသား ၈ ဦးနှင့် အမျိုးသမီး ၁ ဦး စုစုပေါင်း ၉ ဦးကို All-in-One ကွန်ပျူတာ ၁၁ လုံးနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စစ်ဆေးချက်များအရ ဖမ်းဆီးရမိသည့် ထိုင်းနိုင်ငံသားများသည် အွန်လိုင်းဂိမ်းတစ်ခုတွင် ကွန်ပျူတာ နည်းပညာပိုင်းဆိုင်ရာ အလုပ်များ လုပ်ကိုင်ရန် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသူများဖြစ်ပြီး ဖမ်းဆီးခံရသူ မြန်မာနိုင်ငံသားများမှာ တာချီလိတ်မြို့၌ အလုပ်လုပ်ကိုင်ရန် အွန်လိုင်းမှတစ်ဆင့် ချိတ်ဆက်ကာ နိုဝင်ဘာ ၂၀ ရက်မှစ၍ ကျားဖြန့်လုပ်ငန်း လုပ်ကိုင်နေကြသူများ ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံသား ၉ဦးသည် လူမှုကွန်ရက်များမှတစ်ဆင့် အမျိုးသားပစ်မှတ်များကို ရှာဖွေ၍ အမျိုးသမီးများအဖြစ် ဟန်ဆောင်ပြောဆိုကာ ချစ်သူအဆင့် ရောက်ရှိအောင် စည်းရုံးပြီးနောက် မဖွယ်မရာစကားများ ပြောဆိုခြင်း၊ ပစ်မှတ်၏ မဖွယ်မရာပုံနှင့် ဗီဒီယိုများ တောင်းယူခြင်းတို့ ပြုလုပ်ကာ ယင်းမှတ်တမ်းများကို ပြသခြိမ်းခြောက်၍ ငွေကြေးတောင်းခံကြခြင်း ဖြစ်ကြောင်း ဆိုသည်။
ထို့အပြင် ပစ်မှတ်က ငွေပေးပို့မည်ဆိုပါက ခေါင်းဆောင်ထံ အသိပေး၍ ခေါင်းဆောင်ပေးပို့သည့် ငွေလက်ခံ Scan ကို ပေးပို့ရကြောင်းနှင့် ၎င်းတို့မှာ အခြေခံလစာ သီးသန့်မရရှိဘဲ လိမ်လည်ရာမှ ရရှိသည့် ငွေကြေး၏ ၁၈ ရာခိုင်နှုန်းကို ခွဲဝေရရှိကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။
မဲခေါင်သတင်းဌာနသို့ ဒေသခံများ ပြောပြချက်အရ နိုဝင်ဘာလ ၂၆ရက် ညသန်းခေါင် ၁၂နာရီ (နိုဝင်ဘာလ ၂၇ရက် နံနက်အစောပိုင်း)တွင် ဝမ်ကောင်းရပ်ကွက်အတွင်းရှိ နေအိမ် ၄အိမ်ကို ဝင်ရောက်ဖမ်းဆီးခြင်းဖြစ်ပြီး သေနတ်သံလည်း ၃ချက်၊ ၄ချက်ကြားရကြောင်း သိရသည်။ ထို့ပြင် ယင်းကျားဖြန့်နှင့် အွန်လိုင်းဂိမ်းလုပ်ငန်းများကို တာဝန်ခံပေးသူမှာ ဝမ်ကောင်းပြည်သူ့စစ်ဖြစ်ကြောင်းလည်း ဒေသခံများက ပြောဆိုထားသည်။
လက်ရှိတွင် ဖမ်းဆီးရမိသူများနှင့် သိမ်းဆည်းရမိသည့် ပစ္စည်းများကို လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက် စစ်ဆေးအရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စစ်ကောင်စီဘက်က ထုတ်ပြန်ထားသည်။
#MeKongNews
#တာချီလိတ်
#ဝမ်ကောင်းရပ်ကွက်
#ကျားဖြန့်
#ထိုင်းနိုင်ငံသားများဖမ်းဆီးခံရမှု
#အွန်လိုင်းငွေလိမ်လုပ်ငန်း
#ရှမ်းအရှေ့








