မဲခေါင်၊ နိုဝင်ဘာ ၂၇
ရှမ်းပြည်၊ ကလောမြို့နယ်၊ ကလော-အောင်ပန်းသွား လမ်းမကြီးပေါ်တွင် ကုန်စိမ်းတင်ဆောင်လာသည့် ၆ ဘီးကားတစ်စီး လမ်းဘေးရေမြောင်းအတွင်း ထိုးကျတိမ်းမှောက်ခဲ့ရာ ယာဉ်မောင်းတစ်ဦး စိုးရိမ်ရဒဏ်ရာရရှိခဲ့သည်ဟု သတင်းရင်းမြစ်ထံမှ သိရသည်။
နိုဝင်ဘာ ၂၆ ရက် ည ၁၁ နာရီ ၁၅ မိနစ်ခန့်က ကလောမြို့နယ်၊ လွယ်အံ့ကျေးရွာအုပ်စု၊ ကလော-အောင်ပန်းလမ်းမကြီး မိုင်တိုင်အမှတ် ၇၆/၀ နှင့် ၇၆/၁ ကြားတွင် ယင်းယာဉ်တိမ်းမှောက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အောင်ပန်းမြို့မှ ရန်ကုန်မြို့သို့ မုန်လာပန်းစသည့် ကုန်စိမ်းသယ်ဆောင်ကာ မောင်းနှင်လာသည့် Fuso အမျိုးအစား အဖြူရောင် ၆ ဘီးယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ညာဘက်ခြမ်းရှိ ရေမြောင်းအတွင်း ထိုးကျတိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။
“ကားသမားကတော့ ခေါင်း ရင်ဘတ်တွေပါ ထိသွားလို့ စိုးရိမ်ရတဲ့ အနေအထားဖြစ်တာပေါ့။ သူ့ကိုလည်း ကားထဲကနေ ကယ်ထုတ်ပြီး လူနာတင်ကားနဲ့ဆေးရုံပို့ပေးလိုက်တယ်”ဟု သတင်းရင်းမြစ်ကပြောသည်။
ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်းအမျိုးသားတစ်ဦး ကားအတွင်း ပိတ်မိခဲ့ပြီး အောင်ပန်းနယ်မြေမီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များက ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ည ၁၁ နာရီခွဲတွင် ကယ်ထုတ်နိုင်ခဲ့သည်။
စိုးရိမ်ရအနေအထားဖြင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ယာဉ်မောင်းကို အောင်ပန်းနာရေးကူညီမှုအသင်း၏ လူနာတင်ယာဉ်ဖြင့် ကလောမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
#MeKongNews
#ကလော
#ရှမ်းတောင်
#ကုန်စိမ်း
#ကားမှောက်








