မဲခေါင်၊ နိုဝင်ဘာ ၂၄
ရှမ်းပြည်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်တွင် KIA နှင့် PDF ပူးပေါင်းတပ်ဖွဲ့များနှင့် တိုက်ပွဲများ ပြင်းထန်နေစဉ် စစ်ကောင်စီတပ်က ကျေးရွာများကို လေကြောင်းမှ အရှိန်မြှင့် တိုက်ခိုက်နေသည့်အပြင် ဒေသခံပြည်သူများကို ထွက်ခွာခွင့်မပေးဘဲ လူသားဒိုင်းအဖြစ် အသုံးပြုနေကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) က ထုတ်ပြန်သည်။
ပြီးခဲ့သည့် အောက်တိုဘာလ ပထမပတ်က စတင်ခဲ့သည့် အဆိုပါ တိုက်ပွဲများသည် မိုးမိတ်မြို့မြောက်ဘက် မဘိမ်းမြို့သို့သွားသည့် ကားလမ်းတစ်လျှောက်တွင် ဖြစ်ပွားနေခြင်း ဖြစ်သည်။ စစ်ကောင်စီတပ်သည် တော်လှန်ရေးတပ်ဖွဲ့များ၏ ထိုးစစ်ကို ခုခံနိုင်ခြင်းမရှိဘဲ ဆုတ်ခွာခဲ့ရပြီးနောက် ၇ မိုင်၊ ၅ မိုင်နှင့် ၄ မိုင်ကျေးရွာများတွင် တပ်စွဲခဲ့သည်။
ထို့နောက် စစ်ကောင်စီတပ်က အဆိုပါကျေးရွာများသို့ အဝင်အထွက် ကန့်သတ်ခဲ့သည့်အပြင် တိုက်ပွဲအတွင်း ပိတ်မိမည်ကို စိုးရိမ်၍ တိမ်းရှောင်ရန် ကြိုးပမ်းသည့် ဒေသခံများကိုလည်း ထွက်ခွာခွင့်မပေးဘဲ ပိတ်လှောင်ထားခဲ့ကြောင်း SHRF က ဆိုသည်။
နိုဝင်ဘာ ၁၄ ရက်တွင် ၇ မိုင်ကျေးရွာ၌ ကျန်ရှိနေသည့် ဒေသခံများကို နေအိမ်များမှ ထွက်ခွာရန် အမိန့်ပေးပြီးနောက် စစ်ကောင်စီတပ်သားများက နေအိမ်များအတွင်း ဝင်ရောက်ကာ ဆန်၊ စားနပ်ရိက္ခာနှင့် အဖိုးတန်ပစ္စည်းများကို ယူဆောင်သွားခဲ့ကြောင်း သိရသည်။ ယင်းနေ့ ညနေပိုင်းတွင် လေကြောင်းမှ အကြိမ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် နေအိမ်အနည်းဆုံး ၅ လုံး ပျက်စီးကာ အရပ်သား ၂ ဦး ဒဏ်ရာရရှိခဲ့သည်။
ထို့အပြင် နိုဝင်ဘာ ၁၅ ရက်တွင် Mi-35 တိုက်ခိုက်ရေးရဟတ်ယာဉ်ဖြင့် ၇ မိုင်ကျေးရွာကို ထပ်မံတိုက်ခိုက်ခဲ့သလို နိုဝင်ဘာ ၁၇ ရက်တွင်လည်း လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်ဘေးရှောင်နေသည့် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ အလားတူ ပြီးခဲ့သည့် အောက်တိုဘာ ၉ ရက်ကလည်း ကျောက်တောင် (၇ မိုင်) ကျေးရွာကို လေကြောင်းမှ တိုက်ခိုက်ခဲ့ရာ အသက် ၄၀ အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း SHRF ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
နိုဝင်ဘာ ၁၉ ရက်တွင် စစ်ကောင်စီတပ်သည် မိုးမိတ်မြို့နှင့် ၂ မိုင်ခန့်အကွာအထိ ဆုတ်ခွာခဲ့ရသော်လည်း ဒေသခံများကို မြို့အဝင်အထွက် ကန့်သတ်ထားပြီး စစ်ဘေးရှောင်ခွင့် မပေးသေးကြောင်း သိရသည်။ လက်ရှိတွင် ၅ မိုင်နှင့် ၄ မိုင်ကျေးရွာများ၌ ဒေသခံအချို့ ပိတ်မိနေဆဲဖြစ်ကြောင်း SHRF က ပြောသည်။
စစ်ရေးပစ်မှတ်များနှင့် တိုက်ပွဲဖြစ်ပွားရာ နေရာများအနီးရှိ အရပ်သားပြည်သူများကို ထွက်ခွာခွင့်မပေးခြင်းနှင့် ကျေးရွာများကို လေကြောင်းမှ ဆက်တိုက်တိုက်ခိုက်ခြင်းတို့ကြောင့် ဒေသခံများ၏ အသက်အိုးအိမ်စည်းစိမ်နှင့် လုံခြုံရေးအတွက် စိုးရိမ်မှုများ မြင့်တက်နေပြီး စစ်ဘေးရှောင်ပြည်သူများအတွက်လည်း အန္တရာယ် ပိုမိုကြီးထွားလာနေသည်။
#MeKongNews
#ရှမ်းမြောက်
#မိုးမိတ်
#စစ်ကောင်စီ
#တော်လှန်ရေး
#တိုက်ပွဲ








