~ လင်းမောင် ~
အထက်တန်းကျောင်းနှင့် တက္ကသိုလ်ဝင်ခွင့် နေရာများအတွက် လိုအပ်ချက် ဆက်လက်မြင့်တက်နေချိန်မှာပင် မွေးဖွားနှုန်း ကျဆင်းလာမှုက ပညာရေးစနစ်၏ အောက်ခြေအဆင့် စာသင်ခန်းများကို ကျုံ့ဝင်သွားစေသဖြင့် ပညာရေးအရင်းအမြစ်များကို မည်သို့ခွဲဝေချထားမည်ကို ပေကျင်းအနေဖြင့် ပြန်လည်စဉ်းစားရန် ဖိအားပေးခံနေရသည်။
တရုတ်နိုင်ငံသည် ထူးခြားသော လူဦးရေဆိုင်ရာ စိန်ခေါ်မှုတစ်ရပ်နှင့် ရင်ဆိုင်နေရရာ ယနေ့တွင် ကျောင်းအပ်နှံသည့် ကလေးဦးရေ နည်းပါးလာသော်လည်း လာမည့်နှစ်များအတွင်း ပိုမိုများပြားသော ကျောင်းသားအစုအဝေးများကို လက်ခံနိုင်ရန် အထက်တန်းကျောင်းများနှင့် တက္ကသိုလ်များအပေါ် ဖိအားများ တိုးပွားလာနေခြင်း ဖြစ်သည်။ ထွက်ပေါ်လာသော မညီမျှမှုသည် ပေကျင်းအား ၎င်း၏ ပညာရေးစနစ်ကို အကြီးစား ပြန်လည်ချိန်ညှိမှု ပြုလုပ်ရန် တွန်းအားပေးနေပြီး အရင်းအမြစ်များကို အစောပိုင်း ပညာရေးမှသည် အဆင့်မြင့်ပညာရေးဆီသို့ ပြောင်းရွှေ့စေလျက်ရှိသည်။
အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေး ကော်မရှင် (NDRC) သည် ၁၅ ကြိမ်မြောက် ငါးနှစ်စီမံကိန်း (၂၀၂၆-၂၀၃၀) ကာလအတွင်း ယင်းမကိုက်ညီမှုကို အဓိက စိန်ခေါ်မှုတစ်ရပ်အဖြစ် ဖော်ထုတ်သတ်မှတ်ထားပြီး၊ အထက်တန်းကျောင်းများနှင့် အဆင့်မြင့်ပညာရေးတို့တွင် ဝယ်လိုအားနှင့် ရောင်းလိုအား ဖိအားများ ပိုမိုပြင်းထန်လာဖွယ်ရှိကြောင်း အဆင့်မြင့်အရာရှိများက သတိပေးထားသည်။
အစိုးရသည် အသစ်တည်ဆောက်ခြင်း၊ ပြန်လည်မွမ်းမံခြင်းနှင့် ရှိပြီးသား အခြေခံအဆောက်အအုံများကို ပိုမိုထိရောက်စွာ အသုံးပြုခြင်းတို့မှတစ်ဆင့် အထက်တန်းကျောင်း ဝင်ဆံ့နိုင်မှုပမာဏကို တိုးချဲ့ရန် စီစဉ်ထားသည်။ သုတေသနအခြေပြု တက္ကသိုလ်များနှင့် ဘွဲ့ဒီဂရီများ ပေးအပ်သည့် အထူးပြု အသက်မွေးဝမ်းကျောင်း ကောလိပ်များအတွက် ပံ့ပိုးမှုများနှင့်အတူ အထူးသဖြင့် ထိပ်တန်းတက္ကသိုလ်ကြီးများတွင် တက္ကသိုလ် ကျောင်းသားစာရင်းသွင်းမှုများလည်း မြင့်တက်လာရန် မျှော်မှန်းထားသည်။
ထိုအရေးတကြီး လိုအပ်ချက်သည် လူဦးရေဆိုင်ရာ အချိန်ကွာဟမှု (Demographic lag) ကို ရောင်ပြန်ဟပ်နေသည်။ တရုတ်နိုင်ငံ၏ မွေးဖွားနှုန်းသည် သိသိသာသာ ကျဆင်းသွားခဲ့သော်လည်း မတူညီသော ပညာရေးအဆင့်များအပေါ် သက်ရောက်မှုမှာ မညီမမျှ ဖြစ်ပေါ်နေခြင်း ဖြစ်သည်။ အထက်တန်းကျောင်းသို့ ဝင်ရောက်မည့် ကျောင်းသားဦးရေသည် ၂၀၂၉ ခုနှစ်ဝန်းကျင်တွင် အမြင့်ဆုံးသို့ ရောက်ရှိရန် မျှော်မှန်းထားပြီး တက္ကသိုလ်ဝင်ခွင့်ရသူများမှာမူ ၂၀၃၂ ခုနှစ်ဝန်းကျင်တွင် အမြင့်ဆုံး အရေအတွက်သို့ ရောက်ရှိနိုင်သည်။ ယင်းကျောင်းသားအစုအဝေးများသည် တရုတ်နိုင်ငံ၏ လူဦးရေ သိသိသာသာ များပြားခဲ့သည့် အချိန်က မွေးဖွားခဲ့ကြသူများ ဖြစ်ရာ ကလေးငယ်အရေအတွက် လမ်းကြောင်း ကျုံ့ဝင်နေချိန်မှာပင် ဝယ်လိုအား ယာယီမြင့်တက်မှုကို ဖြစ်ပေါ်စေသည်။
မိဘများ၏ မြင့်တက်လာသော မျှော်မှန်းချက်များကလည်း ဖိအားကို ပိုမိုတိုးပွားစေပြီး မိသားစုများသည် အထက်တန်းကျောင်းများနှင့် ဘွဲ့ကြိုအစီအစဉ်များသို့ ဝင်ခွင့်ရရှိမှုနှုန်း ပိုမိုမြင့်မားရန် ပိုမိုရှာဖွေလာကြသည်။ ထို့ကြောင့် ဝင်ဆံ့နိုင်မှုပမာဏကို တိုးချဲ့ခြင်းသည် လူဦးရေဆိုင်ရာ တုံ့ပြန်မှုတစ်ခုသက်သက် မဟုတ်ဘဲ ပြောင်းလဲလာသော ပညာရေးဆိုင်ရာ မျှော်လင့်ချက်များကို ဖြည့်ဆည်းပေးရန် ကြိုးပမ်းမှုတစ်ခုလည်း ဖြစ်သည်။
စနစ်၏ အခြားတစ်ဖက်စွန်းတွင်မူ နောက်ဆက်တွဲ အကျိုးဆက်များကို မြင်တွေ့နေရပြီ ဖြစ်သည်။ NDRC အရာရှိများ၏ အဆိုအရ ၂၀၂၁ ခုနှစ်နှင့် ၂၀၂၅ ခုနှစ်အကြားတွင် မူကြိုကျောင်းများ၊ မူလတန်းကျောင်းများနှင့် အလယ်တန်းကျောင်းများ၌ ကျောင်းအပ်နှံမှုသည် ၁၇ သန်းနီးပါး ကျဆင်းသွားခဲ့သည်။ စာသင်ကျောင်းများကို ရိုးရှင်းစွာ ပိတ်ပစ်မည့်အစား အာဏာပိုင်များသည် ပိုမိုသေးငယ်သော အတန်းများ ထားရှိရန်နှင့် ပိုလျှံနေသော ကျောင်းအဆောက်အအုံများကို အနုပညာ၊ လုပ်အားပညာပေးရေးနှင့် အခြားသော လှုပ်ရှားမှုများအတွက် အဆောက်အအုံများအဖြစ် ပြောင်းလဲအသုံးပြုရန် စဉ်းစားနေကြသည်။
ထိုအပြောင်းအလဲသည် ပေကျင်း၏ ပိုမိုကျယ်ပြန့်သော စီးပွားရေး ဦးစားပေးချက်များကိုလည်း ရောင်ပြန်ဟပ်နေသည်။ ၂၀၂၂ ခုနှစ်မှစ၍ တရုတ်နိုင်ငံ၏ လူဦးရေ ကျဆင်းလာသည်နှင့်အမျှ မူဝါဒချမှတ်သူများသည် ပညာရေးကို ကုန်ထုတ်စွမ်းအား၊ နည်းပညာ ယှဉ်ပြိုင်နိုင်စွမ်းနှင့် လူ့စွမ်းအားအရင်းအမြစ် အရည်အသွေးတို့ကို မြှင့်တင်ပေးသည့် ကိရိယာတစ်ခုအဖြစ် ပိုမိုရှုမြင်လာကြသည်။ သိပ္ပံပညာ တတ်မြောက်မှု၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာ ကျွမ်းကျင်မှုနှင့် သုတေသန စွမ်းဆောင်ရည်များသည် နိုင်ငံ၏ တိုးတက်မှု မဟာဗျူဟာအတွက် အဓိက ဗဟိုချက် ဖြစ်လာနေသည်။
လူဦးရေဆိုင်ရာ နောက်ခံအခြေအနေမှာ ပြတ်သားလှသည်။ ၂၀၀၀ ပြည့်လွန်နှစ်များ အစောပိုင်းနှင့် ၂၀၁၀ ပြည့်လွန်နှစ်များ အလယ်ပိုင်းတစ်လျှောက် ၁၅ သန်းနှင့် ၁၆.၅ သန်းအကြား ရှိနေခဲ့သော တရုတ်နိုင်ငံ၏ နှစ်စဉ်မွေးဖွားမှုနှုန်းသည် ၂၀၁၆ ခုနှစ်တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကလေးနှစ်ဦးမူဝါဒ စတင်ကျင့်သုံးပြီးနောက် ခေတ္တမျှ မြင့်တက်ခဲ့သည်။ နောက်ဆက်တွဲ ကျဆင်းမှုမှာမူ များစွာ ပိုမိုပြင်းထန်ခဲ့သည်။ ၂၀၂၅ ခုနှစ်တွင် မွေးဖွားမှုနှုန်းသည် ၇.၉၂ သန်းအထိ ကျဆင်းသွားခဲ့ရာ လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုက အဆင့်၏ ထက်ဝက်အောက် လျော့နည်းသွားခဲ့ပြီး ၁၉၄၉ ခုနှစ်နောက်ပိုင်း အနိမ့်ဆုံး ဖြစ်လာခဲ့သည်။
အကျိုးဆက်အနေဖြင့် ပေကျင်းအတွက် စိန်ခေါ်မှုမှာ စာသင်ကျောင်း သို့မဟုတ် တက္ကသိုလ် မည်မျှတည်ဆောက်မည်နည်း ဆိုသည့်အချက် သက်သက်မဟုတ်တော့ဘဲ မျိုးဆက်များတစ်လျှောက် ပညာရေးအရင်းအမြစ်များကို မည်သို့ ပြန်လည်ခွဲဝေချထားမည်နည်း ဆိုသည့်အချက်ပင် ဖြစ်သည်။ ပိုမိုသေးငယ်သော စာသင်ခန်းများ၊ တိုးချဲ့လာသော တက္ကသိုလ်များနှင့် သုတေသနလုပ်ငန်းများတွင် ပိုမိုကြီးမားသော ရင်းနှီးမြှုပ်နှံမှုတို့သည် ကျုံ့ဝင်လာနေသော လူဦးရေအပေါ် အပြန်အလှန် အထောက်အကူပြုသည့် တုံ့ပြန်မှုများအဖြစ် ပေါ်ထွက်လာနေပြီ ဖြစ်သည်။
#MeKongNews








