မဲခေါင်၊ ဇန်နဝါရီ ၁၁
လမ်းဘေးခိုများကို ဘဲသားဟု လိမ်ရောင်းသည့် စပိန်နိုင်ငံမှ တရုတ်စားသောက်ဆိုင်အား ရဲတပ်ဖွဲ့က စုံစမ်း ဖော်ထုတ်ပြီး ဆိုင်ပိတ်ကာ ဆိုင်ရှင်ကိုလည်း အရေးယူရန် စီစဉ်နေသည်။
ပြည်ပ ခရီးသွားများစွာဖြင့် စည်ကားသည့် မက်ဒရစ်မြို့ ယူဆာရာခရိုင်မှ ဂျင်ဂူအမည်ရှိ ဆိုင်အား ရဲတပ်ဖွဲ့က စီးနင်းဖမ်းဆီးစဉ် ရိုက်ကူးထားသည့် ဗီဒီယိုဖိုင်များ၌ ဆိုင်နောက်ဘက် အစားအသောက် ပြင်ဆင်ခန်းထဲ၌ ခိုသားများကို ပန်းကန်လုံးများထဲ ထည့်ထားခြင်း၊ ရေခဲသေတ္တာ အအေးခန်းများအတွင်း ခိုများစွာကို ပစ်စလတ်ခတ် ထားရှိခြင်း၊ တားမြစ်ထားသည့် ပင်လယ်သခွားသီးများကို သိုလှောင်ထားခြင်း၊ မသန်စွမ်းသုံး အိမ်သာခန်း အနောက်နား၌ အစားအသောက်များကို မှန်ကွဲနေသည့် ရေခဲသေတ္တာများထဲ မသန့်ရှင်းစွာ ထည့်သွင်း သိုလှောင်ထားခြင်းများကို မြင်တွေ့ခဲ့ရသည်။
ရေခဲသေတ္တာ ၈ လုံးအတွင်း သက်တမ်းလွန် အသားငါးများကို ထားရှိကာ ကြွက်များစွာလည်း ဥဒဟို သွားလာနေသည့်အတွက် ဆိုင်အား ပိတ်သိမ်းခဲ့ပြီး ဆိုင်ရှင်ကို ဖမ်းဆီးကာ အမှုဖွင့်ထားကြောင်း သတင်းအရ သိရသည်။
ထို့ပြင် ၂၀၂၅ ခုနှစ်အတွင်းကလည်း ဂျပန်နိုင်ငံ၏ အကြီးဆုံး စားသောက်ဆိုင် ကွန်ရက် ဆူကီယာ၏ ဆိုင်ခွဲတစ်ခုတွင် နာမည်ကြီးထမင်းနှင့် အမဲသားဟင်းလျာ ပန်းကန်လုံးအတွင်း ကြွက်အကောင်လိုက် ပါလာသည်ကို စားသုံးသူတစ်ဦး မြင်တွေခဲ့ပြီး များမကြာမီတွင်ပင် တိုကျိုမြို့ရှိ နောက်ထပ် ဆိုင်ခွဲတစ်ခုတွင်လည်း ပိုးဟပ် တွေ့ရှိရသဖြင့် နေရာများစွာမှ ဆိုင်ခွဲပေါင်း ၂၀၀၀ ကျော်ကို မတ် ၃၁ ရက်နှင့် ဧပြီ ၄ ရက် အကြား ပိတ်ပစ်ခဲ့ရသေးသည်။
ကိုကလင်း
Ref: The Sun
#MeKongNews
#လမ်းဘေးခို
#ဘဲသား
#တရုတ်စားသောက်ဆိုင်








