မဲခေါင် ၊ အောက်တိုဘာ ၂၀
ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။
ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ မုံးပေါ်ဆီပန့်ဆိုင်၏ ဆီသိုလှောင်ကန်တွင် မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။
မီးအားမှာ ပေ ၅၀ အမြင့်ခန့် အလွန်ပြင်းသဖြင့် မူဆယ်မီးသတ်သာမက တရုတ်နိုင်ငံမှ မီးသတ်ကားများပါ လာရောက်ကူညီငြိမ်းသတ်ခဲ့ရသည်။
“မီးအားအရမ်းအပြင်းတယ် အပေါ်ကို မြင့်တက်တာ ပေ ၅၀ အကျော်ရှိတယ်။ မီးသတ်ကားတွေလည်း ဘေးကို ထပ်မကူးအောင်ပဲ ဝိုင်းလုပ်ကြရတယ်။ တရုတ်က မီးသတ်ကားတွေလည်း အများကြီးလာကူကြတယ်”ဟု မူဆယ်မြို့ သတင်းရင်းမြစ်က ပြောသည်။
ယင်းမီးလောင်မှုကို မူဆယ်မြို့ရှိ မီးသတ်ကား ၊ ရေသယ်ကား ၇ စီးအပြင် ပရဟိတအသင်းများ၏ ရေသယ်ယာဉ် ၁၉ စီးတို့ဖြင့်ပါ ငြိမ်းသတ်ခဲ့ရသည်။ ထို့အပြင် တရုတ်နိုင်ငံမှလည်း မီးသတ်ယာဉ် ကယ်ဆယ်ရေးယာဉ်များ ၂၀ ခန့် လာရောက်ကူညီခဲ့သည်ဟု သတင်းရင်းမြစ်ကပြောသည်။
“မီးတအားပြင်းတော့ တရုတ်ဖက်ကလာတာလည်း မျက်မြင်အရ ၂၀ ထက်မနည်းဘူး တရုတ်ကလာတဲ့ မီးသတ်ကားတွေကလေ လူတွေထိခိုက်မိတာတော့ မကြားရသေးဘူးဗျ”ဟု မူဆယ်မြို့ခံတစ်ဦးကပြောသည်။
ယင်းမီးလောင်မှုကို တရုတ်-မြန်မာ နှစ်ဖက်စလုံးမှ မီးသတ်များနှင့် ပရိဟိတအသင်းများ ပြည်သူများ ဝိုင်းဝန်းကာ နေ့လည် ၃ နာရီကျော်အထိ မီးငြိမ်းသတ်နေဆဲဖြစ်သည်ဟု သိရသည်။
#MeKongNews
#ရှမ်းမြောက်
#မူဆယ်
#ဆီသိုလှောင်ကန်
#မီးလောင်
#တရုတ်
#ကူညီ








