မဲခေါင်၊ နိုဝင်ဘာ ၁၂
ရှမ်းရိုးရာ ၂၁၂၀ ပြည့် ရှမ်းနှစ်သစ်ကူးပွဲတော်ကို ဂုဏ်ပြုကြိုဆိုသည့်အနေဖြင့် အထူးဒေသ – ၁ အတွင်း ၅ ရက်ကြာ အခမဲ့ဆေးကုသပေးမည်ဟု MNDAA ကိုးကန့်တပ်ဖွဲ့က နိုဝင်ဘာ ၁၁ ရက်တွင် ထုတ်ပြန်ကြေညာသည်။
အထူးဒေသ – ၁ ကျန်းမာရေးဌာနမှ အထူးကုဆရာဝန်ကြီးများအဖွဲ့ ဦးဆောင်ကာ အခမဲ့ဆေးကုသပေးခြင်းကို ဆောင်ရွက်သွားမည်ဖြစ်ပြီး နိုဝင်ဘာ ၁၅ ရက်တွင် မိုင်းယု၊ ၁၀၅ မိုင်၊ နိုဝင်ဘာ ၁၆ ရက်တွင် ပန်ဆိုင်း၊ ကြူကုတ်မြို့နှင့် နိုဝင်ဘာ ၁၇ ရက်မှ ၂၀ ရက်တွင် သိန္နီမြို့ စသည့်နေရာများ၌ ကုသပေးမည်ဟုဆိုသည်။
ယင်းအခမဲ့ဆေးကုသမှုခရီးစဉ်အတွင်း ကလေးငယ်များအတွက် မရှိမဖြစ်လိုအပ်သည့် ကာကွယ်ဆေးများ အသက်အရွယ်အလိုက် ထိုးနှံပေးခြင်း၊ ဒေသတွင်းအဖြစ်များသည့် မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါများနှင့် အရေပြားရောဂါများအား အထူးကုများမှစစ်ဆေးကုသပေးခြင်းများ ပါဝင်ကြောင်း သိရသည်။
ထို့ပြင် အမြင်အာရုံထိခိုက်စေနိုင်သည့် အတွင်းတိမ်လူနာများ၊ မွေးရာပါချို့ယွင်းချက်ရှိသော နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ကလေးငယ်များနှင့် လူမှုဘဝပြန်လည်ဝင်ဆံ့နိုင်ရန်အတွက် ခြေတု၊ လက်တုလိုအပ်သော လူနာများကို စနစ်တကျမှတ်တမ်းတင်ပြီး၊ ၎င်းလူနာများအားလုံးကို လာမည့်တရုတ်နှစ်သစ်ကူးကာလတွင် အခမဲ့ ခွဲစိတ်ကုသပေးမည်ဟု ကိုးကန့်တပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယခုအစီအစဉ်သည် ဆင်းရဲနွမ်းပါးသည့်ဒေ သခံပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှု အခွင့်အလမ်းကောင်းတစ်ရပ်ဖြစ်သဖြင့် ဒေသခံပြည်သူများအနေဖြင့် မိမိတို့နှင့် နီးစပ်ရာနေရာများသို့ အချိန်မီလာရောက်၍ အခမဲ့ဆေးကုသမှု ရယူကြရန် ကိုးကန့်တပ်ဖွဲ့က တိုက်တွန်းထားသည်။
#MeKongNews
#ရှမ်းနှစ်သစ်ကူး
# MNDAA
#အခမဲ့ဆေးကုသ
#ကလေးကာကွယ်ဆေး








