မဲခေါင်၊ အောက်တိုဘာ ၃၀
တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ကာလအတွင်းယာဉ်ရပ်နားခ ကောက်ခံမှုများနှင့် ပတ်သက်၍ လေလံသတ်မှတ်ဈေးနှုန်းအတိုင်း မဟုတ်ဘဲ အနည်းဆုံး ၅ဆမျှ ပိုမိုကောက်ခံနေကြောင်း ပွဲသွားသူများထံမှ သိရသည်။
လေလံစျေနှုန်း သတ်မှတ်ချက်အရ ပွဲတော်အတွင်း ယာဉ်ရပ်နားခ ဈေးနှုန်းများအနေဖြင့် ဆိုင်ကယ်တစ်စီးလျှင် ၂၀၀၀ ကျပ်၊ အိမ်စီးကားငယ် တစ်စီးလျှင် ၅၀၀၀ ကျပ်နှင့် ကားလတ် တစ်စီးလျှင် ၁၀၀၀၀ ကျပ်သာ သတ်မှတ်ထားသော်လည်း ယမန်နေ့ အောက်တိုဘာ ၂၉ရက် ဖွင့်ပွဲညက အိမ်စီးကားတစ်စီးလျင် ကျပ် ၅သောင်းအထိ ကောက်ခံနေပြီး ဆိုင်ကယ်တစ်စီး ကျပ် ၅ထောင်အထိ ကောက်ခံနေကြောင်း သိရသည်။
“နီးနီးသလို ဝေးဝေးသလို အပ်ခတွေကမတူနေဘူး။ ကံကြီးသံလမ်းဘက်ဆို ၁သောင်းခွဲပဲရှိပေမယ့် ပွဲခင်းထဲကတော့ ၅ သောင်းပဲ။ ကောက်ချင်သလိုကောက်နေကြတာ။ ကြပ်မတ်စစ်ဆေးတာလည်းမရှိဘူး။ လေလံရသူက ကြိုက်သလို လုပ်စားပဲ”ဟု တောင်ကြီး မြို့မနေသူတစ်ဦးက မဲခေါင်သို့ ပြောသည်။
တောင်ကြီးတန်ဆောင်တိုင်ပွဲကာလအတွင်း ယာဉ်ရပ်နားခ ဈေးနှုန်းများ အဆမတန် များပြားမှုနှင့် ပတ်သက်၍ နှစ်စဉ် ဝေဖန်မှုများ ဖြစ်ပေါ်နေသော်လည်း သက်ဆိုင်ရာက ကြပ်မတ်မှုအားနည်းနေသည့်အတွက် ယခုကဲ့သို့ ဖြစ်ပေါ်နေခြင်းဖြစ်ကြောင်း သိရသည်။
လေလံချပေးစဥ်က ယာဥ်အပ်နှံကွင်း၄ ခုသာ ရှိခဲ့သော်လည်း ယမန်နေ့ကမူ ပွဲတွင်းကွင်းများသာမက လမ်းဘေးအိမ်များမှလည်း နေရာများ သတ်မှတ်၍ ရပ်နားခ ကောက်ခံလျက်ရှိကြောင်း သိရသည်။
တောင်ကြီးတန်ဆောင်တိုင်ပွဲမှာ အောက်တိုဘာ ၂၉ရက်မှ နိုဝင်ဘာ ၅ရက်အထိ ၈ရက်ကြာပြုလုပ်နေခြင်းဖြစ်သည်။
#MeKongNews
#တောင်ကြီး
#တန်ဆောင်တိုင်မီးပုံးပျံပွဲ
#ယာဉ်ရပ်နားခ
#လေလံဈေးနှုန်း








