မဲခေါင်၊ ဇူလိုင် ၁၅
ဇူလိုင် ၁၃ ရက်နေ့က ပန်ဆယ်ဗေးနီးယားပြည်နယ် ဘတ်လာမြို့ ဘီသယ်ပန်းခြံမှာ မဲဆွယ်စည်းရုံးပြောဆိုနေတဲ့ အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်ကို သေနတ်နဲ့ လုပ်ကြံပစ်ခတ်သူဟာ အသက် ၂၀ အရွယ်သာရှိသေးတဲ့ ပန်ဆယ်ဗေးနီးယားသား သောမတ်စ်မက်သရူးကွတ်ခ် ဖြစ်ကြောင်း ဇူလိုင် ၁၄ ရက်အစောပိုင်းမှာ FBI က ထုတ်ပြန်သွားပါတယ်။
ထရမ့် ဟောပြောစင်ရှိရာဆီ ပွဲအခမ်းအနားပြင်ပ အမြင့်နေရာကနေ AR-15 စတိုင်ရိုင်ဆယ်သေနတ်နဲ့ တရားခံက ပစ်ခတ်ရာမှာ ပရိသတ်ထဲက တစ်ဦးသေ၊ ၂ ဦးဒဏ်ရာရခဲ့သလို ထရမ့်ရဲ့ ညာဘက် နားရွက်ကို ကျည်ဆံရှပ်ထိလို့ သွေးတွေထွက်ခဲ့ပေမယ့် လက်ရှိမှာ ဆေးကုသမှုခံယူနေပြီး အခြေအနေကောင်းနေတယ်လို့ ထရမ့်ပြောရေးဆိုခွင့်ရှိသူ စတီဗင်ချောင်က ထုတ်ပြန်ပါတယ်။
ထရမ့်ကလည်း သူ့ Truth လူမှုကွန်ရက်အကောင့်မှာ “ သေနတ်ကျည်ဆံတစ်ခု ညာဘက်နားရွက်အပေါ်ပိုင်းနား လာထိတယ်။ သွေလည်းတော်တော်ထွက်ခဲ့တယ်။ ကာကွယ်ပေးတဲ့ လျှို့ဝှက်လုံခြုံရေးတွေကိုလည်း ကျေးဇူးတင်ပါတယ်။ ပစ်တဲ့သူကလည်း ဘယ်သူမှန်းမသိဘဲ သေဆုံးသွားခဲ့ပြီ” လို့ ရေးတင်ခဲ့ပါတယ်။



အမေရိကန် ထောက်လှမ်းရေး FBI သံသယတရားခံဟာ အနီးအနားမြို့မှာနေထိုင်တဲ့ ပန်ဆယ်ဗေးနီးယားသား ဖြစ်ပြီး အသက်၂၀ အရွယ် သောမတ်စ်မက်သရူးကွတ်ခ်ဖြစ်ကြောင်း ဇူလိုင် ၁၄ ရက်မှာ ထုတ်ပြန်ကာ မျက်မြင်သက်သေတွေ ရရှိတဲ့သတင်းရင်းမြစ်မှန်သမျှ လာပေးဖို့နဲ့ စုံစမ်းမှုတွေ ဆက်လက်လုပ်ဆောင်နေကြောင်း ထုတ်ပြန်သွားပါတယ်။
နိုဝင်ဘာ ၅ ရက်နေ့မှာ အမေရိကန်သမ္မတ ရွေးကောက်ပွဲရှိနေပြီး သမ္မတအဖြစ် ပြန်လည်ရွေးကောက်ခံရဖို့ ရေပန်းစားနေတဲ့ ဒေါ်နယ်ထရမ့်ပါတီ ရီပါဘလစ်ကန်ကို ထောက်ခံ လက်မှတ်ထိုးထားသူ ဖြစ်ကြောင်း မဲမှတ်တမ်းမှာ တွေ့ရှိရပေမယ့် ဘာကြောင့်လုပ်ကြံသလဲဆိုတာကိုတော့ မသိရှိနိုင်သေးပါဘူး။
ပြိုင်ဘက် လက်ရှိ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်ကလည်း အမေရိကန်မှာ ဒီလို နိုင်ငံရေးအကြမ်းဖက်မှုအတွက် လုံး၀နေရာမရှိစေရ၊ တစ်နိုင်ငံ လုံး တစ်သားတည်းစုပေါင်း ရှုတ်ချတယ်လို့ ထုတ်ပြန်သွားပါတယ်။ ကမ္ဘာ့ ခေါင်းဆောင်အသီးသီးကလည်း ထရမ်လုပ်ကြံမှုအတွက် ရှုတ်ချကြောင်း အသီးသီး ထုတ်ပြန်နေပြပါတယ်။
Ref: asiaone
MKF-001









