မဲခေါင်၊ မေ ၂၂
အဇာဘိုင်ဂျန်အရှေ့ပိုင်းနယ်စပ်မှာ အီရန်သမ္မတအီဘရာဟင်ရိုင်ဆီနဲ့ နိုင်ငံခြားရေးဝန်ကြီးအပါ အစိုးရတာဝန်ရှိသူ တွေလိုက်ပါလာတဲ့ ရဟတ်ယာဉ် ပျက်ကျပြီး အားလုံးသေဆုံးကြောင်း အတည်ပြုပြီးချိန် အစိုးရအတိုက်အခံ တက်ကြွလှုပ်ရှားသူတွေဟာ မြို့တော် တီဟီရန်မှာ မီးပန်းတွေပစ်ဖောက်အောင်ပွဲခံမှုတွေ လုပ်ဆောင်ခဲ့ကြတဲ့ အတွက် အီရန်အမျိုးစောင့် ရဲတပ်ဖွဲ့တွေက အောင်ပွဲခံတဲ့သူတွေကို နှိမ်နင်းဖမ်းဆီးဖို့ အင်အားသုံးလာခဲ့ကြောင်း သိရှိရပါတယ်။
အီရန်အမျိုးသားခေါင်းဆောင် အလီခါမီနီနေရာ ဆက်ခံဖို့ရှိတဲ့ သမ္မတရိုင်ဆီဟာ နိုင်ငံရေးအကျဉ်းသား ထောင်နဲ့ချီ ကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့လို့ သားသတ်သမားဆိုပြီး နာမည်ဆိုးနဲ့ကျော်ကြားခဲ့တာကြောင့် မေ ၂၀ ရက် မှာ သေဆုံးကြောင်း တရားဝင်ထုတ်ပြန်အပြီးမှာတော့ နိုင်ငံတစ်ဝန်း အတိုက်အခံ တက်ကြွလှုပ်ရှားသူတွေ အောင်ပွဲခံခဲ့ကြတာဖြစ်ပါတယ်။
ဒီအောင်ပွဲခံမှုမှာ ၂၀၂၀ ပြည့်နှစ်က Woman, Life, Freedom အမျိုးသမီး လူထုအုံကြွ ဆန္ဒပြမှုထဲ အီရန်လုံခြုံရေး တွေ လူအုပ်ထဲ ပစ်ခတ်လို့ သေဆုံးခဲ့ရတဲ့ အမျိုးသမီးရေးတက်ကြွလှုပ်ရားသူ မီနူမာဂျီဒီရဲ့ သမီး မာဆီဒါရှာဟင်ကာနဲ့ သူငယ်ချင်းဆီမာမိုရတ်ဘိုင်ဂီတို့လည်းပါဝင်ပြီး ဖန်ခွက်ချင်းတိုက် ကပြအောင်ပွဲခံမှုတွေကို မကြောက်မရွံ့ လူမှုကွန်ရက်ပေါ် တင်ခဲ့ကြပါတယ်။ ဒီနှစ်ယောက်ဟာ အီရန်အမျိုးစောင့်ရဲတွေ နှိပ်စက်လို့ တစ်ယောက်က မျက်လုံးကန်သွားပြီး နောက်တစ်ယောက်က လက်မောင်းအဆစ်ကို သေနတ်ထိပြီး လက်ဖြတ်ခဲ့ရသူတွေဖြစ်ပါတယ်။

ရဟတ်ယာဉ်ပျက်ကျမှုမှာ သမ္မတရိုင်ဆီနဲ့ နိုင်ငံခြားရေးဝန်ကြီး အမီရတ်ဒိုလာဟီယန်၊ သက်တော်စောင့်အသင်း တပ်မှူးနဲ့ သက်တော်စောင့်တွေ၊ လေယာဉ်မောင်းသူတွေပါဝင်ခဲ့ပါတယ်။ အီရန် ခေါင်းဆောင် ခါမီနီဟာ ဝမ်းနည်း ဖွယ်ရက်အဖြစ် ၅ ရက်သတ်မှတ်ပြီး ဈာပနကျင်းပဖို့ အမိန့်ထုတ်သလို သေဆုံးမှုအတွက် အောင်ပွဲခံသူတွေကို လည်း နှိမ့်ကွပ်ဖို့ အမိန့်ပေးခဲ့ပါတယ်။ သမ္မတ နေရာမှာ ဒုသမ္မတဖြစ်တဲ့ မိုဟာမက်မော့ခ်ဘာကို ယာယီသမ္မတ အဖြစ် အစားထိုးခဲ့သလို နျူကလီးယားအရေး နိုင်ငံတကာနဲ့ ဆွေးနွေးခဲ့သူ သံတမန်ဟောင်း အလီဘက်ခါရီကာနီ ကိုလည်း ယာယီနိုင်ငံခြားရေးဝန်ကြီး ခန့်အပ်လိုက်ပါတယ်။
MKF – 001
Ref:Thesun









