မဲခေါင်၊ ဩဂုတ် ၃၀
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ် စစ်ကောင်စီခြေမြန်တပ်ရင်း ခမရ (၅၅၃)မှ တပ်ရင်းမှူး၊ တပ်ခွဲမှူးအရာရှိတွေဟာ သစ်မှောင်ခို၊ နွားမှောင်ခိုလုပ်ငန်းတွေနဲ့ ဒေသခံတိုင်းရင်းသားတွေဆီက ငွေကြေးအဓမ္မတောင်းခံတာတွေ လုပ်နေတယ်လို့ သိရပါတယ်။
မိုင်းဆတ်ခရိုင် စစ်ဆင်ရေးကွပ်ကဲမှု စစ်ဌာနချုပ် (စကခ-၁၄) လက်အောက်ခံ ခမရ-၅၅၃ တပ်ရင်းမှ တပ်ရင်းမှူးနဲ့ အရာရှိတွေဟာ ရှေ့တန်းတပ်စခန်းတွေမှာ အထိုင်ယူပြီး ငွေကြေးကောက်ခံတာတွေ လုပ်နေတာလို့ CDM ဗိုလ်ကြီးတစ်ဦးက ပြောပါတယ်။
“အရာရှိတွေကြီးပဲ ပေါင်းလုပ်တဲ့ သဘောပါပဲ။ သူတို့ကိုယ်တိုင်သယ်တာမျိုးတော့ မဟုတ်ဘူးပေါ့နော်။ ဘယ်လိုပြောရမလဲ ကန်ထရိုက်ပေးတယ်လို့ပဲ ပြောရမလား။ ဒီလိုပဲ လုပ်နေကြပါပဲ။ ဟိုးအရင် အာဏာမသိမ်းခင်ကတည်းက လုပ်နေတာဆိုတော့ မထူးဆန်းတော့ဘူးလို့တောင် ပြောလို့ရမယ်။ အာဏာသိမ်းပြီးနောက်ပိုင်းတော့ အထိန်းမရှိတော့ ပိုဆိုးတာပေါ့” လို့ စစ်သက် ၁၀ နှစ်ခန့်နဲ့ CDM လုပ်လာတဲ့ သူက ပြောပါတယ်။
မိုင်းကိုင်-လဲချားမြို့နယ်ကြားက ဂိတ်စခန်းတစ်ခုဖြစ်တဲ့ လဲချားအခြေစိုက် ခမရ (၅၁၅) လုံခြုံရေးဂိတ် ၄၉ ဂိတ်ကနေ တစ်ရက်ကို သစ်ကား ၅ စီးကနေ ၈ စီးကြား ထွက်လာတာကို မြင်မိပေမယ့် လုံခြုံရေးတွေတင်းကြပ်ထားတာကြောင့် အခြေအနေတွေကို တိတိကျကျသိဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ မိုင်းကိုင်မြို့နယ် ဒေသခံတစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
“သတင်းပဲကြားတာလေ။ ဘယ်မှာလဲ သက်သေ။ တိုင်လည်း ထူးမှာမှ မဟုတ်တာ။ သူတို့ ထိုင်ထားတဲ့နေရာမှာ လုပ်တာဆိုတော့ သွားကြည့်လို့ကလည်း မရဘူးလေ” လို့ ဒေသခံက ဆက်ပြောပါတယ်။
ခမရ-၅၅၃ ရဲ့ အခြေစိုက်တပ်ရင်းဟာ မိုင်းတွန်းမြို့မှာရှိပြီး နယ်မြေလုံခြုံရေးတပ်တွေကတော့ လဲချား၊ မိုင်းကိုင်နဲ့ တုံလောမြို့နယ်တွေဘက်မှာ လှုပ်ရှားနေတယ်လို့ သိရပါတယ်။
အဲ့ဒါကြောင့် အခြေစိုက်တပ်ရင်းဟာ တြိဂံတိုင်းစစ်ဋ္ဌာနချုပ်အောက်မှာရှိပြီး လုံခြုံရေးတပ်တွေကတော့ အရှေ့အလယ်ပိုင်းတိုင်း စစ်ဋ္ဌာနချုပ်(ရလခ) ကွပ်ကဲမှုအောက်မှာရှိတယ်လို့ သိရပါတယ်။
အဲ့ဒီလို တရားမဝင်တောင်းခံထားလို့ရတဲ့ ငွေကြေးတွေကို အောက်ခြေရဲဘော်တွေဆီ ခွဲမပေးဘဲ ရာထူးအကြီးပိုင်းတွေက အပိုင်စီးရယူထားတာတွေကြောင့် ခမရ-၅၅၃ တပ်တွင်းမကျေနပ်မှုတွေလည်း ရှိနေတယ်လို့ စစ်တပ်ရဲ့ တပ်တွင်းသတင်းတွေကို ဖော်ထုတ်ရေးသားနေတဲ့ ပြည်သူ့ပန်းတိုင်အဖွဲ့မှာလည်း ဖော်ပြပါတယ်။
ဇူလိုင်လတွင်းက ခမရ- ၅၅၃ မှ တပ်ခွဲမှူးအရာရှိတစ်ဦးဟာ ရှေ့တန်းနယ်မြေလုံခြုံရေးအတွင်းရရှိတဲ့ ငွေကြေးတွေ ခိုးယူခံရခဲ့လို့ လက်အောက်ငယ်သား ရဲဘော်တစ်ဦးကိုလည်း နှိပ်စက်ခဲ့တာကြောင့် ပြင်းထန်ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။ အဲ့ဒီဖြစ်စဉ်ကို အထက်အရာရှိအဆင့်ဆင့်ကို တိုင်ကြားပေမယ့် အရေးယူခြင်းမရှိခဲ့ဘူးလို့ သိရပါတယ်။
“အနိုင်ကျင့်ခံရတဲ့ တပ်ကြပ်က မကျေနပ်လို့ တိုင်ကြားပေမယ့် ကျေးအေးညှိုနှိုင်းတာနဲ့ပဲ ပြီးသွားတယ်။ အဲ့ဒါကို တပ်အောက်ခြေက သိပ်မကျေနပ်ကြဘူးလို့ သိရပါတယ်” လို့ ပြည်သူ့ပန်းတိုင်အဖွဲ့မှ CDM ဗိုလ်ကြီးတစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
ရှေ့တန်းကရတဲ့ ငွေကြေးတွေကို တပ်ရင်းအရာရှိတွေကသာ ရကြပြီး လက်အောက်ငယ်သားတွေကိုတော့ တစ်ခါတလေ မုန့်ဖို့သဘောမျိုးပေးတာတွေတော့ ရှိတယ်လို့ CDM စစ်သားတွေက ပြောပါတယ်။
ဇူလိုင် ၁၀ ရက်နေ့ကလည်း ရှေ့တန်းတပ်စခန်းမှာ လုံခြုံရေးတာဝန်ကျတဲ့ ခမရ-၅၅၃ မှ တပ်သားအချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီး တစ်ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
မိုင်းကိုင်မြို့နယ်မှာ စစ်ကောင်စီတပ်တွေအပြင် ရှမ်းပြည်ပြန်လည်တိုးတတ်ရေးပါတီ-SSPP တပ်ဖွဲ့ဝင်တွေလည်းသွားလာလှုပ်ရှားလေ့ရှိတာဖြစ်ပြီး ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းကလည်း ၂ ဖက်တိုက်ပွဲ ဖြစ်ပွားမှုတွေရှိခဲ့ပါတယ်။
MK-007








