မဲခေါင်၊ ဩဂုတ် ၁
စစ်ကောင်စီက တိုင်းရင်းသား တော်လှန်ရေး လက်နက်ကိုင် တပ်ဖွဲ့ဝင် ၂၂ ဦးကို ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့် ပြုလိုက်တယ်လို့ ဒီကနေ့ ဩဂုတ်လ ၁ ရက်နေ့မှာ ထုတ်ပြန် ကြေညာ လိုက်ပါတယ်။
စစ်ကောင်စီက လွတ်ငြိမ်းခွင့်ပြုလိုက်တဲ့ တော်လှန်ရေး တပ်ဖွဲ့ဝင် ၂၂ ဦးအနက် MNDAA-ကိုးကန့် တပ်ဖွဲ့ဝင် ၂ ဦး ၊ ရှမ်းပြည်တိုးတက်ရေးပါတီ-SSPP တပ်ဖွဲ့ဝင် ၃ ဦး၊ ရက္ခိုင့်တပ်တော် AA တပ်ဖွဲ့ဝင် တစ်ဦးနဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်-TNLA တပ်ဖွဲ့ဝင် ၁၆ ဦး ပါဝင်ပါတယ်။
ဝါဆိုလပြည့်နေ့ ဓမ္မစကြာ အခါတော်နေ့ အထိမ်းအမှတ် အနေနဲ့ ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၄၀၁ အရ နောက်တစ်ကြိမ် ကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန် ကျန်ရှိတဲ့ ပြစ်ဒဏ်များကိုပါ ဆက်လက် ကျခံပါမယ် ဆိုတဲ့ စည်းကမ်း သတ်မှတ်ချက်နဲ့ ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့် ပြုလိုက်တာ ဖြစ်တယ်လို့ စစ်ကောင်စီရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
အခု စစ်ကောင်စီက လွတ်ငြိမ်းခွင့်ပြုလိုက်တဲ့ တပ်ဖွဲ့တွေဟာ စစ်ကောင်စီနဲ့ စစ်ရေးတင်းမာနေတဲ့ အဖွဲ့တွေဖြစ်ပြီး TNLA နဲ့ MNDAA ဟာ လက်ရှိ စစ်ကောင်စီနဲ့ တိုက်ပွဲ ဖြစ်နေတဲ့ အဖွဲ့တွေ ဖြစ်ပါတယ်။
စစ်ကောင်စီက အခုလို့ လွတ်ငြိမ်းခွင့် ပြုတာဟာ မြောက်ပိုင်းမဟာမိတ်အဖွဲ့နဲ့ ရင်ဆိုင်ရမယ့် စစ်မျက်နှာကို လျှော့ချချင်တဲ့ သဘော ဖြစ်တယ်လို့ ရှမ်းပြည်နယ်အရေး လေ့လာသူ တစ်ဦးက ပြောပါတယ်။
“စစ်ရေးမဟာမိတ်လည်း ဖြစ်တဲ့ AA ၊ TNLA ၊ MNDAA ညီနောင်အဖွဲ့နဲ့ ရင်ဆိုင်ရမယ့် စစ်မျက်နှာကို စစ်တပ်က လျှော့ချချင်တယ်။ ဒါမှလည်း နွေဦးတော်လှန်ရေးမှာ ပေါ်လာတဲ့ အဖွဲ့တွေကို သူပိုဖိနိုင်မယ်။ အဓိက ကတော့ နွေဦးတော်လှန်ရေးအဖွဲ့တွေနဲ့ တပြိုင်နက် တချိန်တည်း ညီနောင်အဖွဲ့တွေကိုပါ စကစ က စစ်ကောင်းကောင်း တိုက်နိုင်တဲ့ အခြေအနေ မဟုတ်တာကြောင့် အဲ့ဒီဘက်ကို စစ်ရပ်ထားချင်တဲ့ လုပ်ရပ်တစ်ခု အနေနဲ့ ဒီလို လွှတ်ပေးတာလို့ မြင်လို့ရပါတယ်” လို့ သူက သုံးသပ်ပါတယ်။
မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ AA ၊ TNLA ၊ MNDAA အဖွဲ့နဲ့ စစ်ကောင်စီ ကိုယ်စားလှယ်အဖွဲ့တို့ဟာ ပြီးခဲ့တဲ့ ဇွန်လ ၁ ရက်နေ့နဲ့ ၂ ရက်နေ့က မိုင်းလားမှာ တရုတ်ရဲ့ ကြားဝင်မှုနဲ့ တွေ့ဆုံခဲ့စဥ်က မြောက်ပိုင်း မဟာမိတ်ဘက်က ဖမ်းဆီးခံထားရသူတွေ ပြန်လွှတ်ပေးရေး၊ မတရား အသင်းကနေ ပယ်ဖျက်ပေးရေးနဲ့ ရခိုင်မှာ မုန်တိုင်းဒဏ် ခံနေရတဲ့ ပြည်သူတွေ အကူအညီ အမြန်ဆုံး ရရှိရေးတွေကို ဆွေးနွေးခဲ့ပါတယ်။
အဲ့ဒီဆွေးနွေးပွဲမှာ စစ်ကောင်စီဘက်က နိုင်ငံရေး အခန်းကဏ္ဍကို ဆွေးနွေးပေမယ့် မြောက်ပိုင်း မဟာမိတ်ဘက် ကတော့ စစ်ကောင်စီ ဆွေးနွေးချင်တဲ့ အချက်တွေကို ပြန်လည် ဆွေးနွေးမှု မပြုခဲ့ဘူးလို့ AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခ က မီဒီယာတွေကို ဖြေကြားထားပါတယ်။ အဲ့ဒီ ဆွေးနွေးပွဲကို ၃ ရက်ပြုလုပ်ဖို့ စီစဉ်ထားပေမယ့် ၂ ရက်နေ့မြောက်မှာ ဆွေးနွေးပွဲ ပျက်သွားခဲ့တာ ဖြစ်ပါတယ်။
CJ-002
#MeKongNews
#တိုင်းရင်းသားတော်လှန်ရေး
#ဓမ္မစကြာအခါတော်နေ့
#စစ်ကောင်စီ











