မဲခေါင်၊ ဇူလိုင် ၂၅
ချင်းပြည်နယ် အတွက် အဓိက အရေးပါတဲ့ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးတပ်စခန်းကို ရိက္ခာပို့မယ့် စစ်အင်အား ၃၀၀ ကျော်ပါ စစ်ကြောင်းဟာ မဆာတွီကျေးရွာကို ဇူလိုင် ၁၉ ရက်မှာ ရောက်ရှိပြီး ၂ ညအိပ်ကာ ရွာကို ဖျက်ဆီးခဲ့တယ်လို့ CDF-Kanpetlet ခေါ်နူးတပ်ရင်းက ထုတ်ပြန်ပါတယ်။
အဲဒီ စစ်ကြောင်းဟာ မဆာတွီကျေးရွာရှိ ဘာသာရေး အဆောက်အအုံများ၊ စာသင်ကျောင်းများနဲ့ အိမ်အတွင်းရှိ ပစ္စည်းများကို ခိုးယူ၊ ဖျက်ဆီးတဲ့ အပြင် ဘာသာရေး အဆောက်အအုံ အတွင်း သောက်စားမူးယစ်ကာ အိမ်မွေး တိရစ္ဆာန်များကို သတ်ဖြတ် စားသောက်ပြီး မဖွယ်မရာ စာသားတွေ ရေးသားခဲ့တာလို့ ဆိုပါတယ်။
“ကျင်ဒွေးစခန်းက သူတို့အတွက် အရမ်းအရေးပါနေလို့ အခုအသေခံပြီးတော့ကို ချီတက်နေတာ ဖြစ်တယ်။ ကျွန်တော်တို့ တော်လှန်ရေးဘက်ကလည်း အတတ်နိုင်ဆုံး တားဆီးနေပါတယ်။ အခုလည်း တပ်ဖွဲ့ဝင် အားလုံး အဲဒီစစ်ကြောင်းကို တားဆီးဖို့ ရှေ့တန်းမှာ တိုက်နေကြပါတယ်” လို့ Chin Defense Force-Kanpetlet တပ်ဖွဲ့ ပြန်ကြားရေး တာဝန်ခံက ပြေပါတယ်။
အဆိုပါ စစ်ကြောင်းဟာ ဇူလိုင် ၁၆ ရက်နေ့က ကန်ပက်လက်မြို့နယ်၊ ဆွဲလွဲကျင်းကျေးရွာကိုရောက်ရှိခဲ့ပြီး Chin Defense Force-Kanpetlet ပူးပေါင်းတပ်ဖွဲ့နဲ့ တိုက်ပွဲ စတင်ခဲ့ရာ မနေ့ ဇူလိုင် ၂၄ ရက်နေ့အထိ စစ်ကောင်စီဘက်က ၁၂ ယောက် သေဆုံးကာ အများအပြား ဒဏ်ရာရခဲ့ကြတယ်လို့ ဆိုပါတယ်။
“၁၆ ရက်နေ့မှာ စတင်တိုက်ပွဲ ဖြစ်ကြတယ်။ ဇူလိုင် ၂၄ ရက်နေ့အထိ စစ်ခွေး ၁၂ ယောက်အထိ သေတယ်။ အဲဒီထက် ပိုများနိုင်တယ်။ ဒဏ်ရာရသူတွေကို ပြန်တွဲခေါ်သွားတာ အများကြီးပဲ။ အခုလည်း တပ်ခွဲမှူးတွေ ရှေ့တန်းမှာ တိုက်နေကြတုန်းပဲ” လို့ အဆိုပါ ပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။
တိုက်ပွဲအတွင်း Chin Defense Force-Kanpetlet တပ်ဖွဲ့ဝင် တစ်ဦးနဲ့အတူ ထောက်ပို့ တော်လှန်ရေး ရဲဘော် တစ်ဦး ကျဆုံးခဲ့တယ်လို့ ဆိုပါတယ်။
“ကျွန်တော်တို့ဘက်က ရဲဘော်တစ်ဦးနဲ့ ပြည်သူတစ်ဦး ကျသွားပါတယ်။ ပြည်သူ ဆိုပေမယ့် ကျွန်တော်တို့ကို ထောက်ပို့ပေးနေတဲ့ တော်လှန်ရေးသမားပါ။ ရှေ့တန်းကို ရိက္ခာပို့ပေးရင်း စစ်ခွေးတွေ ထောင်တဲ့ မိုင်းကြောင့် သေဆုံးသွားတာပါ” လို့ Chin Defense Force-Kanpetlet တပ်ဖွဲ့ဝင် တစ်ဦးက ပြောပါတယ်။
စစ်ကောင်စီ အနေနဲ့ ချင်းပြည်နယ်ကို စိုးမိုးနိုင်ရေး အတွက် ကန်ပက်လက်မြို့နယ်ကို မဖြစ်မနေ ဖြတ်သန်းရမှာဖြစ်တာကြောင့် တော်လှန်ရေးတပ်ဖွဲ့များက တားဆီး တိုက်ခိုက်နေရာ ပြည်သူတွေရဲ့ ပူးပေါင်း ကူညီမှု အထူးလိုအပ်လျက် ရှိနေတယ်လို့ Chin Defense Force-Kanpetlet ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
CJ-005
#MekongNews
#ကျင်ဒွေး
#နယ်စပ်မြို့
#ကန်ပက်လက်
#Chin Defense Force Kanpetlet
#ခေါ်နူးတပ်ရင်း








