မဲခေါင်၊ ဇူလိုင် ၁၃
မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့လက်ဝှေ့ ချန်ပီယံ ဖြစ်ခဲ့ဖူးတဲ့ မြန်မာ့ရိုးရာ လက်ဝှေ့ကျော် တူးတူး (နဂါးမာန်) သေဆုံးသွားပြီ ဖြစ်ကြောင်း ဒီကနေ့ ဇူလိုင်လ ၁၃ ရက်နေ့က မြို့နယ်ရဲစခန်းကနေ မိသားစုကို ခေါ်ယူ အတည်ပြု လက်မှတ်ရေးထိုးစေခဲ့တယ်လို့ မိသားစုနဲ့ နီးစပ်သူ တစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
ကိုတူးတူး ဟာ အခုနှစ် ဧပြီလ ၂၆ ရက်နေ့က သေဆုံးခဲ့တာဖြစ်တယ်လို့ စစ်ကောင်စီက ဒီကနေ့ မနက်ပိုင်းမှာ မိသားစုဝင်တွေကို ရဲစခန်းသို့ ခေါ်ဆောင်ပြောပြခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
ကိုတူးတူး နဲ့အတူ လူငယ် ၆ ဦး ဧပြီလ ၁၁ ရက်နေ့၊ မနက် ၁၀ နာရီဝန်းကျင်က မင်းဘူးခရိုင်၊ စကုမြို့နယ် မြောက်ဘက်က စားသောက်ဆိုင် တစ်ခုမှာ စစ်ကောင်စီတပ်က ဝင်ရောက် ဖမ်းဆီးခဲ့တာဖြစ်ပြီး သူတို့ကို စကု စစ်တပ် စစ်ကြောရေး စခန်း ပို့ဆောင်ခဲ့တာ ဖြစ်ပါတယ်။
စကုမြို့၊ မင်းချောင်းတံတားအနီး၊ ရွှေအိမ်သစ် စားသောက်ဆိုင်မှာ ပစ္စတို ၅ လက်၊ ကျည်ဆန် တချို့နဲ့ လက်ပစ်ဗုံး ၂ လုံးတို့နဲ့ အတူ စစ်ကောင်စီတပ်က ဖမ်းဆီးရမိခဲ့တယ်လို့ စစ်တပ်ထောက်ခံတဲ့ မီဒီယာတွေမှာ ဖော်ပြခဲ့ပါတယ်။
မြန်မာ့ရိုးရာ လက်ဝှေ့ကျော် တူးတူး (နဂါးမာန်) ကို မကွေးတိုင်း၊ ဆင်ဖြူကျွန်းမြို့မှာ ၁၉၉၀ ခုနှစ်၊ အေက်တိုဘာ ၆ ရက်နေ့မှာ မွေးဖွားခဲ့တာဖြစ်ပြီး သေဆုံးချိန် အသက် ၃၂ နှစ်သာရှိပါသေးတယ်။
အသက် ၃၂ နှစ်အရွယ် တူးတူး (နဂါးမာန်) ဟာ ၂၀၁၇ ခုနှစ်၊ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့လက်ဝှေ့ ချန်ပီယံ ဖြစ်ခဲ့ပြီး ၂၀၁၃ ခုနှစ်၊ ဆီးဂိမ်း မွေထိုင်း လက်ဝှေ့မှာ ပါဝင်ယှဉ်ပြိုင်ခဲ့သူ ဖြစ်ကာ စစ်ကောင်စီ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ တက်တက်ကြွကြွ ပါဝင်ခဲ့သူ ဖြစ်ပါတယ်။
MK-005
#MekongNews
#ကမ္ဘာ့လက်ဝှေ့ချန်ပီယံ
#တူးတူး
#ဆင်ဖြူကျွန်းမြို့








