မဲခေါင်၊ ဩဂုတ် ၂၇
ရှမ်းပြည်မြောက်ပိုင်း၊ မိုင်းရယ်မြို့နယ်တွင် တရုတ်ကျားဖြန့် ၃ ဦးကို လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိသည်ဟု စစ်ကောင်စီက သတင်းထုတ်ပြန်သည်။
ယမန်နေ့ ဩဂုတ်လ ၂၆ ရက် နံနက်ပိုင်းတွင် မိုင်းရယ်မြို့၏ အရှေ့တောင်ဘက် မီတာ ၂၆၀၀၀ ခန့်အကွာ၊ မန်ဖိုင်ကျေးရွာ၏ တောင်ဘက် မီတာ ၅၀၀၀ ခန့်အကွာ၌ တရုတ် ကျားဖြန့် ၃ဦးတို့အား အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုသည့် အလျား ၅၀ ပေ၊ အနံ ၂၀ ထရံကာသွပ်မိုး အဆောက်အအုံ ၁ လုံး၊ ယာယီရွက်ဖျင်တဲ ၅ လုံး၊ ဖုန်းမျိုးစုံ ၂၅ လုံး၊ All In One ကွန်ပျူတာ ၅ လုံး၊ Power Station ၂ လုံး၊ Star Link ၁ လုံး၊ စကားပြောစက် ၁၀ လုံး စသည့်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်ဟု စစ်ကောင်စီထုတ်ပြန်ချက်တွင် ဖော်ပြသည်။
“ဖမ်းမိတာ ၃ ယောက်တည်းဖြစ်တာပေါ့နော်။ နယ်မြေကလည်း ရှုပ်ထွေးနေတော့ မဖမ်းခင် ကြိုတင်အသိပေးပြီးသားလား မသိဘူး။ ဖမ်းမိတဲ့ လူနဲ့ အဆောက်အဦနဲ့က အရမ်းကွာနေတော့လေ”ဟု မိုင်းရယ်ဒေသခံတစ်ဦးကပြောသည်။
ထိုသို့ ဖမ်းဆီးရမိခဲ့သည့် အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်သူများအား စစ်ဆေးမှုများ ဆောင်ရွက်ပြီးစီးပါက တည်ဆဲဥပဒေများနှင့်အညီ ထိရောက်စွာ ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်သွားမည်ဟု စစ်ကောင်စီက ဆိုသည်။
ယခုကျားဖြန့်များကို ဖမ်းဆီးရမိသည့် မိုင်းရယ်မြို့နယ်အတွင်းရှိ နေရာသည် စစ်ကောင်စီ၊ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့များနှင့် ရှမ်းပြည်တပ်မတော်-SSPP/SSA စသည့် အဖွဲ့များ လှုပ်ရှားနေသည့်နေရာ ဖြစ်သည်။
#MeKongNews
#ရှမ်းမြောက်
#မိုင်းရယ်
#ကျားဖြန့်
#တရုတ်
#စစ်ကောင်စီ








