မဲခေါင်၊ ဇူလိုင် ၂၉
ရှမ်းပြည်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့များက မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအချို့၌ ဝင်ရောက်ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ပြီး ဒေသခံအရပ်သား ၁၀ ဦးခန့်ကို ခေါ်ဆောင်သွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဇူလိုင် ၂၈ ရက် ညပိုင်းတွင် ဖြစ်ပွားခဲ့သည့် အဆိုပါဖမ်းဆီးမှုအတွင်း ရွာငံမြို့ပေါ်ရပ်ကွက်များမှ ၄ ဦးခန့်၊ အင်းကုန်းကျေးရွာမှ ၄ ဦးခန့်နှင့် နွားဘမ်းကြီးတောင်ကျေးရွာမှ ၂ ဦးခန့် ဖမ်းဆီးခံခဲ့ရကြောင်း သတင်းများအရ သိရသည်။
“အခုလိုဖမ်းသွားတာတွေက မကြာခဏဖြစ်လာတယ်။ ဘယ်ကိုခေါ်သွားတယ်ဆိုတာ မိသားစုတွေတောင် မသိရဘူး။ စစ်ကြောင်းထိုးတဲ့အခါ ပေါ်တာအဖြစ် အသုံးပြုခံရတဲ့ ဖြစ်စဉ်တွေလည်း အရင်ကရှိခဲ့တော့ လူတိုင်းစိုးရိမ်နေကြတယ်” ဟု ဒေသခံတစ်ဦးက မဲခေါင်သို့ ပြောသည်။
ဒေသခံများ၏ ပြောကြားချက်အရ ရွာငံမြို့နယ်တွင် ယခင်လများကတည်းက စစ်ကြောင်းများ ဝင်ရောက်လှုပ်ရှားစဉ် ဒေသခံများကို လမ်းပြအဖြစ် အတင်းအဓမ္မ ခေါ်ဆောင်အသုံးပြုခြင်းနှင့် စစ်မှုထမ်းရန် ပေါ်တာဆွဲဖမ်းဆီးခြင်းများ ဆက်တိုက်ဖြစ်ပွားနေကြောင်း သိရသည်။
လက်ရှိတွင် ဓနုဒေသအတွင်း ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA) နှင့် စစ်ကောင်စီတပ်တို့အကြား စစ်ရေးတင်းမာမှုများ ဆက်လက်ရှိနေပြီး၊ ယခုဖမ်းဆီးမှုများကို ကလောမြို့အခြေစိုက် တပ်မ (၅၅) လက်အောက်ခံ တပ်ရင်းများက လုပ်ဆောင်ခဲ့သည်ဟု ဒေသခံများက ပြောဆိုသည်။
အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်မှုများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် ရွာငံမြို့နယ်အတွင်း နေထိုင်သူများအနေဖြင့် လုံခြုံရေးအခြေအနေအပေါ် စိုးရိမ်မှုများ ပိုမိုမြင့်တက်လာနေကြောင်း ဒေသခံများက ဆိုသည်။
#MeKongNews
#ရှမ်းတောင်
#ရွာငံ
#စစ်ကောင်စီ
#ဖမ်းဆီး
#ဓနု








