မဲခေါင်၊ ဇူလိုင် ၂၈
ရှမ်းပြည်မြောက်ပိုင်း၊ လောက်ကိုင်မြို့ရှိ ကျားဖြန့်အဆောက်အဦများကို ပြန်လည်ပြင်ဆင်ပြီး တိုက်ပွဲအတွင်း ပေးဆပ်ခဲ့သည့် ရဲဘော်များကို ခွဲဝေထောက်ပံ့ပေးလိုက်သည်ဟု ကိုးကန့်တပ်ဖွဲ့-MNDAAက သတင်းထုတ်ပြန်သည်။
လောက်ကိုင်မြို့အတွင်းရှိ ကျားဖြန့်အဆောက်အဦးဟောင်းများကို ပြန်လည်ပြင်ဆင်ကာ ကျဆုံးရဲဘော်မိသားစုများ၊ ဒဏ်ရာရရဲဘော်များ၊ ရဲဘော်ဟောင်းများ၊ ကေဒါများကို မဲနှိုက်ကာ ခွဲဝေထောက်ပံ့ပေးခြင်းဖြစ်သည်ဟု ကိုးကန့်သတင်းထုတ်ပြန်ချက်တွင်ဖော်ပြသည်။
“၁၀၂၇ ဟာရီကိန်းစစ်ဆင်ရေး” အောင်မြင်ပြီးနောက် တော်လှန်ရေးတွင် ပေးဆပ်ခဲ့ကြသူများအတွက် နေရာချထားရေးနှင့် အိမ်ရာအာမခံချက်ပေးရေးလုပ်ငန်းများကို ဦးစားပေး ဆောင်ရွက်နေရာ လစ်လပ်နေသော ယခင်ကျားဖြန့် လိမ်လည်မှုဂိုဏ်း အိမ်ရာများကို စနစ်တကျ ပြင်ဆင်မွမ်းမံကာ နေရာချထားပေးခြင်းဖြစ်သည်ဟု ကိုးကန့်တပ်ဖွဲ့က ဆိုသည်။
အဆိုပါ မဲနှိုက်ပြီး နေရာချထားခြင်းကို ဇူလိုင်လ ၂၆ ရက်မှ ၂၉ ရက်နေ့အထိ ပြုလုပ်နေသည်ဟုလည်း ထုတ်ပြန်ချက်တွင်ဖော်ပြသည်။
#MeKongNews
#လောက်ကိုင်
#ကိုးကန့်
#ကျားဖြန့်
#အိမ်ရာ
#တိုက်ပွဲ








