မဲခေါင်၊ ဇူလိုင် ၁၅
ကရင်နီပြည်၊ လွိုင်ကော်မြို့နယ် အရှေ့ခြမ်းရှိ ပြည်သူများ နေထိုင်သည့်နေရာကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်သဖြင့် စစ်ဘေးရှောင် ပြည်သူတစ်ဦး သေဆုံးသွားသည်ဟု ဒေသခံ သတင်းရင်းမြစ်များထံမှ သိရသည်။
ယမန်နေ့ ဇူလိုင် ၁၄ ရက်၊ ညနေ ၅ နာရီဝန်းကျင်တွင် စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် လွိုင်ကော်မြို့နယ်အရှေ့ခြမ်းရှိ စစ်ဘေးရှောင်စခန်း ၂ ခုနှင့် ကျေးရွာတစ်ရွာကို ဗုံး ၁၀ လုံးခန့် ကြဲချတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
ယင်းကဲ့သို့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင်စခန်းတစ်ခုရှိ အသက် ၅၀ နှစ်အရွယ် စစ်ဘေးရှောင် အမျိုးသမီးတစ်ဦး ထိခိုက်သေဆုံးခဲ့ပြီး ကျေးရွာအတွင်းမှ နေအိမ်နှင့် ကားများလည်း ထိခိုက်မှုရှိခဲ့သည်။
“ဆုံးသွားတာက စစ်ဘေးရှောင်စခန်းက ပြည်သူတစ်ဦးပါ။ အမျိုးသမီးပါ။ တိုက်ပွဲလည်း မရှိဘူး စစ်ဖြစ်တဲ့နေရာလည်း မဟုတ်ဘူး။ လေယာဉ်နဲ့လာကြဲလို့ ထိသွားတာ”ဟု ဖြစ်စဉ်ကို သိရှိသည့် သတင်းရင်းမြစ်က ပြောသည်။
ယင်းဗုံးကြဲတိုက်ခိုက်မှုကို စစ်ကောင်စီက တိုက်လေယာဉ် ၃ စီးဖြင့် လာရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ၎င်းသတင်းရင်းမြစ်က ပြောသည်။
ပြီးခဲ့သည့် ဇွန်လတွင်လည်း စစ်ကောင်စီက လေယာဉ်နှင့် ဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် ကရင်နီပြည်သူ ၃ ဦး သေဆုံးခဲ့ရသည်။
#MeKongNews
#လွိုင်ကော်အရှေ့ခြမ်း
#စစ်ကောင်စီ
#ဗုံးကြဲ
#စစ်ဘေးရှောင်
#သေဆုံး








