မဲခေါင်၊ ဇွန် ၂၇
ရှမ်းပြည်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ ရွာငံနှင့် ပင်းတယမြို့နယ်များတွင် အုပ်ချုပ်ရေးမှူးများ၏ လုပ်ငန်းတာဝန်များ လစ်လပ်နေသည့်အတွက် ဒေသခံများ လိုအပ်သည့် ထောက်ခံစာအချို့ကို ကျောင်းထိုင်ဘုန်းကြီးများက ကူညီဆောင်ရွက်ပေးနေရကြောင်း ဒေသခံများထံမှ သိရသည်။
ဒေသတွင်း လုံခြုံရေးအခြေအနေများကြောင့် အုပ်ချုပ်ရေးမှူးတာဝန်ယူရန် စိတ်ဝင်စားသူ နည်းပါးလာပြီး ကျေးရွာများတွင် လစ်လပ်နေသော ရာထူးများကို ဖြည့်တင်းနိုင်ခြင်း မရှိသေးကြောင်း ဒေသခံများက ဆိုသည်။
“အခုအချိန်မှာ ရွာကရွေးပေးလည်း ဘယ်သူမှ တာဝန်မယူချင်ကြဘူး။ ကိုယ့်အသက်အန္တရာယ်ကိုပဲ စိုးရိမ်နေကြတာ။ ရွာသားတွေ အခက်အခဲဖြစ်နေလို့သာ ဆရာတော်တွေက ကူညီပေးနေတာပါ” ဟု ရွာငံမြို့နယ်မှ ဒေသခံတစ်ဦးက မဲခေါင်သို့ ပြောသည်။
လက်ရှိတွင် ခရီးသွားထောက်ခံစာနှင့် နေထိုင်ကြောင်းအထောက်အထားကဲ့သို့သော အခြေခံစာရွက်စာတမ်းများကိုသာ ကူညီဆောင်ရွက်ပေးနေပြီး အခြားကိစ္စရပ်များအတွက်မူ တာဝန်ယူ ဆောင်ရွက်ပေးခြင်း မရှိကြောင်း သိရသည်။
“ဘုန်းကြီးတွေက အကျိုးအမြတ်ယူပြီး လုပ်ပေးတာမဟုတ်ဘူး။ ဒေသခံတွေ အဆင်ပြေဖို့အတွက်ပဲ လုပ်ပေးတာ။ ဒါပေမယ့် တာဝန်ယူရမယ့် ကိစ္စတွေကျတော့ ဆရာတော်တွေလည်း သတိထားနေကြတယ်” ဟု ထောက်ခံစာရယူခဲ့သူ ဒေသခံတစ်ဦးက ပြောသည်။
ဒေသခံများ၏ ပြောကြားချက်အရ ယခုနှစ်အစပိုင်းမှ စတင်ကာ ရွာငံနှင့် ပင်းတယမြို့နယ်များအတွင်း အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဆက်စပ်သူအချို့ သေဆုံးမှုများ ဖြစ်ပွားခဲ့ပြီးနောက် ဒေသတွင်း အုပ်ချုပ်ရေးယန္တရားတွင် အခက်အခဲများ ပိုမိုကြုံတွေ့လာရကြောင်း သိရသည်။
အုပ်ချုပ်ရေးမှူးအသစ်များ ခန့်အပ်နိုင်ခြင်းမရှိသေးသည့် အခြေအနေမှာ ဆက်လက် ကြာမြင့်လာပါက သက်ဆိုင်ရာအာဏာပိုင်များက တိုက်ရိုက် တာဝန်ပေးအပ်မှုများ ပြုလုပ်လာနိုင်ကြောင်း ဒေသခံအချို့က ခန့်မှန်း ပြောဆိုနေကြသည်။
#MeKongNews
#ဓနုဒေသ
#အုပ်ချုပ်ရေးတာဝန်
#ကျောင်းထိုင်ဘုန်းကြီးများ
#ထောက်ခံစာများ








