မဲခေါင်၊ ဇွန် ၂၇
ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းတုံမြို့နယ်တွင် တရားမဝင် ရွှေခိုးတူးဖော်နေသည့် နေရာတစ်ခုကို စစ်ကောင်စီ၏ ရှမ်းပြည်နယ် သစ်တောနှင့် သယံဇာတဝန်ကြီး စိုင်းဝမ်းလှိုင်တစ်ပ်က ဆင်းဖမ်းပြီးနောက် ပိုင်ရှင်ဖြစ်သူ ကျော်ဇင်လတ်(ခ)သားကြီးကို စစ်ကောင်စီက ဗျူဟာတွင် ခံဝန်လက်မှတ်ထိုးခိုင်းခဲ့သော်လည်း ရွှေပြန်လည်တူးရန် လုပ်ဆောင်နေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
ပိုင်ရှင်ဖြစ်သူ ကျော်ဇင်လတ်(ခ)သားကြီးကို စစ်ကောင်စီက စစ်ဗျူဟာရုံးသို့ ခေါ်ဆောင်ကာ ဟန်ပြ ခံဝန်ကတိ လက်မှတ်ထိုးခိုင်းခဲ့သော်လည်း ဗျူဟာမှူးနဲ့အထက်လူကြီးများကို ဂါပြီးပါက ရွှေများကို ဆက်လက်တူးဖော်မည်ဟု သားကြီးနှင့်၎င်း၏ တရုတ်သူဌေးက ကြုံးဝါးနေခြင်းကြောင်း ဒေသခံများက ပြောသည်။
“သားကြီးကိုတော့ ဟိုတနေ့က ဗျူဟာမှာ ခေါ်ပြီး ရွှေမလုပ်ဖို့ ခံဝန်ကတိထိုးခိုင်းတယ်။ ကျိုင်းတုံက တိုင်းမှူးကလည်း စစ်ဆေးဖို့ ခေါ်ထားတယ်လို့ပြောတယ်။ ဒါပေယ့် အထက်လူကြီးကို ပေးစရာပေးပြီးရင် ပြန်လုပ်မယ်ဆိုပြီး ပြင်နေကြတယ် ”ဟု မဲခေါင်၏ သတင်းရင်းမြစ်ကပြောသည်။
ရွှေခိုးတူသည်ကို လာရောက်စစ်ဆေးခဲ့သော်လည်း အမှန်တကယ် အကြီးအကျယ်ခိုးတူးသည့်နေရာကိုလည်း သယံဇာတဝန်ကြီးအပါအဝင် မည်သူကမျှ လာရောက်စစ်ဆေးခြင်းမပြုတော့ကြောင့်လည်း မဲခေါင်းသတင်းဌာနက စုံစမ်းသိရှိရသည်။
“မိုးရာသီ လမ်းချော်တယ်လို့ အကြောင်းပြပြီး ဝန်ကြီးနဲ့အဖွဲ့လည်း မသွားရတော့ဘူး။ တစ်ယောက်မှ မသွားစစ်တော့ဘူး။ ဝန်ကြီးက စစ်ဆေးချင်ရင်လည်း စစ်တပ်နဲ့အပေါင်းအပါတွေက လမ်းချော်တယ်၊ သွားလို့မသင့်တော်သေးပါဘူးဆိုပြီး အကြောင်းအမျိုးမျိုးနဲ့ တားလိုက်တယ်”ဟု ရှမ်းပြည်၏ စစ်ကောင်စီအစိုးရနှင့်နီးစပ်သည့် သတင်းရင်းမြစ်ကပြောသည်။
လက်ရှိတွင် ရွေခိုးတူးရာတွင်သုံးသည့် ဘက်ဟိုးများ ဆီဘောက်စာများနှင့် စက်ယန္တရားများကို ကိုသားကြီးနှင့်၎င်း၏ သူဌေး တရုတ်လူမျိုးက ဝှက်ထားသည်ဟုလည်း မဲခေါင်က စုံစမ်းသိရှိရသည်။
“အခုဘက်ဖိုးတွေကို သူတို့ရွှေခိုးတူးနေတဲ့ နမ့်မွန်းချောင်းအပေါ် လွယ်ရိုးရွာမှာ ဝှက်ထားတယ်။ ဆီပီပါ အလုံး၂၀ နဲ့ လီတာ ၂၀၀၀ ဆန့်ဆီဘောက်ဆာတွေကိုတော့ နမ့်မွန်းချောင်းနံဘေး ရွှေတူးတဲ့နေရာမှာ မြေကြီးတူးပြီး ဖွက်ထားတယ်။ အခြေအနေကောင်းရင် ပြန်လုပ်ဖို့ပေါ့ ”ဟု သတင်းရင်းမြစ်ကပြောသည်။
ထို့အပြင် ရွှေခိုးတူးသည့် လုပ်ကွက်တွင် ရှယ်ယာပါဝင်သည့် စစ်ကောင်စီဗျူဟာမှူး၏ PSO က ဒေသခံများကို သတ်ဖြတ်မည်ဟု ခြိမ်းခြောက်နေကြောင်း စုံစမ်းသိရှိရသည်။
ဇွန်လ ၁၆ ရက် ညနေ ၄ နာရီဝန်းကျင်တွင် စစ်ကောင်စီ ရှမ်းပြည်အစိုးရအဖွဲ့၏ သစ်တောနှင့် သယံဇာတဝန်ကြီး ဦးစိုင်းလှိုင်းဝမ်းတစ်သည် တာချီလိတ်မြို့မှ ဌာနစုံပူးပေါင်းအဖွဲ့နှင့်အတူ မိုင်းတုံ – မိုင်းဆတ် သွားကားလမ်းမပေါ်ရှိ ၁၁ မိုင်ကျေးရွာ အနောက်ဘက်တွင် တရားမဝင် ရွှေခိုးတူးနေသည့် လုပ်ကွက်အတွင်းသို့ ရုတ်တရက် ဝင်ရောက်စီးနင်း ဖမ်းဆီးခဲ့သည်။
ယင်းလုပ်ကွက်မှာ “ရွှေလားဟူ” ကုမ္ပဏီအမည်ဖြင့် ပိုင်ရှင်ဖြစ်သူ ကျော်ဇင်လတ် (ခ) သားကြီး က ခနောက်စိမ်းတူးဖော်ရန် အကြောင်းပြ၍ ရွှေခိုးတူးနေသည့် နေရာဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
ယင်းစီးနင်းမှုအတွင်း တရားမဝင် ရွှေချက်ကန်များ၊ ခုတ်လှဲထားသည့် သစ်တန်ပေါင်းများစွာနှင့် ဘက်ဟိုး (မြေတူးစက်) များကို သက်သေခံအထောက်အထားများနှင့်အတူ ဖမ်းဆီးရမိခဲ့သော်လည်း သစ်များကိုသာ ပိုင်ရှင်မဲ့အဖြစ် အမှုဖွင့်ခဲ့ကြောင်း ဒေသခံများက ပြောသည်။
“သစ်တွေတော့ သယ်သွားပြီး၊ ပိုင်ရှင်မဲ့လို့ပဲ အမှုဖွင့်တာတဲ့။ တကယ်အကြီးအကျယ် တူးတဲ့နမ့်မွန်းချောင်းကိုတော့ အခုထိ မသွားစစ်ကြဘူး”ဟု ဒေသခံတစ်ဦးက ပြောသည်။
လုပ်ကွက်ပိုင်ရှင် ကျော်ဇင်လတ် ဆိုသူမှာ လွယ်ခမ်းလုံကျေးရွာအုပ်စု၏ ကျေးရွာအုပ်ချုပ်ရေးမှူး ဖြစ်သည့်အပြင် ဒေသခံပြည်သူ့စစ်ခေါင်းဆောင်တစ်ဦးလည်း ဖြစ်သည်။ ၎င်းသည် လက်ရှိတွင် “ဝတီရတနာ” ကုမ္ပဏီအမည်ကိုပါ အသုံးပြု၍ မိုင်းတုံမြို့နယ်၊ လွယ်ခမ်းလုံအုပ်စု၊ နောင်လဲကျေးရွာရှိ နမ့်မွန်းချောင်းအတွင်း၌လည်း ခနောက်စိမ်းအကြောင်းပြကာ တရားမဝင် ရွှေတူးဖော်မှုများ လုပ်ကိုင်နေကြောင်း ဒေသခံများက ဆိုသည်။
“နောင်လဲရွာ နမ့်မွန်ချောင်းကို တကယ်တစ်ယောက်မှ ရောက်မလာဘူး။ ဝန်ကြီးကို လွယ်ခမ်းလုံအထိပဲ ခေါ်လာပြီး လမ်းမကောင်းဘူးဆိုပြီး ပြန်ခေါ်ပြန်သွားတယ်။ နမ့်မွန်းချောင်းမှာကမှ တကယ်ခိုးတူးတဲ့ နေရာ”ဟု ဖြစ်စဉ်ကိုသိရှိသည့် သတင်းရင်းမြစ်ကပြောသည်။
ထို့အပြင် ရွှေခိုးတူဖြစ်သည့် ကျော်ဇင်လတ်(ခ)သားကြီးသည့် သတင်းစာတွင် ကြော်ညာထည့်ကာ ရွှေခိုးတူးအသည့်အကြောင်း ထုတ်ဖော်သည့်မီဒီယာကို အရေးယူမည်ဟု ခြိမ်းခြောက်ထားသည်ကိုလည်းတွေ့ရသည်။
တာဝန်ရှိသူများအနေဖြင့် တရားမဝင်ရွှေတူးနေမှုများကို ထိထိရောက်ရောက် အရေးယူရန်လိုပြီး ထိရောက်စွာ အရေးမယူပါက ရွှေတူးဖော်သူများက ပြည်သူကို ပိုမိုဖိနှိပ်လာနိုင်သည်ဟု သတင်းရင်းမြစ်ကပြောသည်။
“ဒီတခေါက် ကောင်းကောင်းအရေးမယူဘူးဆို သူတို့တအားသောင်းကြမ်းတော့မှာ အခုတောင် ဟိုလူသတ်မယ်၊ ဒီလူသတ်မယ် ခြိမ်းခြောက်နေကြတာ။ ရွာသားတွေလည်း ကြောက်နေကြရတာ အပြင်တောင်မထွက်ရဲတော့ဘူး”ဟု ၎င်းသတင်းရင်းမြစ်ကပြောသည်။
ယင်းတရားမဝင် ရွှေတူးဖော်မှု၊ ရွှေချက်ကန်များ ပြုလုပ်မှုနှင့် သစ်တောသစ်ပင်များကို စည်းကမ်းမဲ့ ခုတ်လှဲမှုများကြောင့် လမ်းပန်းဆက်သွယ်ရေးများ ပျက်စီးနေသည့်အပြင် နမ့်မွန်းချောင်းရေမှာလည်း ဓာတုဆေးရည်များကြောင့် သုံးစွဲ၍မရတော့ဘဲ ကျေးရွာများ၏ စိုက်ပျိုးမြေများပါ ပျက်စီးဆုံးရှုံးခဲ့ရသည်။
၎င်းပြင် ရွှေချက်ရာတွင် သုံးစွဲသည့် ပြဒါးနှင့် ဆိုင်ယာနိုက် စသည့် ဓာတုဆေးရည်များ ညစ်ညမ်းမှုကြောင့် ဒေသခံ တိရစ္ဆာန်များတွင်လည်း ရောဂါဆိုးများ ကူးစက်ဖြစ်ပွားနေပြီး အဆိုပါ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုဆိုးကျိုးများမှာ မိုင်းတုံမြို့ပေါ်အထိ သက်ရောက်မှု ရှိလာနေကြောင်း စုံစမ်းသိရှိရသည်။
#MeKongNews
#မိုင်းတုံမြို့နယ်
#ရှမ်းအရှေ့
#ရွှေခိုးတူး
#သားကြီး
#ကျော်ဇင်လတ်
#ပြည်သူ့စစ်








