မဲခေါင်၊ ဇွန် ၂၅
ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးမြို့နယ် တရားသူကြီးနှင့် ဒုတရားသူကြီးတို့သည် ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသများမှ ဖမ်းဆီးခံထားရသည့် ကုန်စည်အမှုများတွင် လာဘ်ငွေအဆမတန်ရယူနေကြောင်း ကုန်သည်အသိုင်းအဝိုင်းထံမှ သိရသည်။
ထိုင်းနိုင်ငံမှ တင်သွင်းလာသည့် လူသုံးကုန်ပစ္စည်းများကို သယ်ဆောင်လာသည့် ကုန်တင်ယာဉ်များသည် တာချီလိတ်၊ မိုင်းတုံနှင့် မိုင်းဆတ်ဘက်မှတဆင့် ဝင်ရောက်လာပြီး ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးမြို့နယ်အတွင်းရှိ စစ်ဆေးရေးဂိတ်များတွင် ဖမ်းဆီးခံရသည့် ကုန်စည်နှင့် ကုန်တင်ကားအမှုများကို ဟိုပုံးမြို့နယ်တရားသူကြီး ဒေါ်နီလာစိုးနှင့် ဒုတရားသူကြီး ဒေါ်မိုးမိုးရွှေရည်တို့က ကိုင်တွယ်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။
ယင်းတရားသူကြီးနှင့် ဒုတရားသူကြီးတို့သည် အမှုရင်ဆိုင်နေသည့် ကုန်သည်များအား ရှေ့နေငှားရမ်းခွင့်မပြုဘဲ ရှေ့နေများ၏ လုပ်ငန်းတာဝန်များကိုပါ ဝင်ရောက်ဆောင်ရွက်ကာ ငွေကြေးတောင်းခံမှုများ ပြုလုပ်နေကြောင်း ကုန်သည်တစ်ဦးက ပြောသည်။
“ရှေ့နေငှားလာရင်လည်း မရဘူး။ ရှေ့နေငှားစရာမလိုဘူးဆိုပြီး ရှေ့နေနေရာမှာ စာတွေကို သူတို့ကိုယ်တိုင် ဝင်ရိုက်တယ်။ ကုန်သည်တွေကို ခေါ်တွေ့ပြီး အမိန့် ၃ လပဲကျစေချင်ရင် သိန်း ၂၀၀၊ ၆ လပဲကျစေချင်ရင် သိန်း ၁၀၀ ပေးရမယ်လို့ ပြောတယ်။ မပေးနိုင်ရင် ပုဒ်မအတိုင်း ၁ နှစ်၊ ၃ နှစ်ချမယ်လို့ ပြောတယ်။ သူတို့ကလည်း အဆင့်ဆင့်ပေးရတယ်၊ တရားသူကြီးချုပ် ဦးသန်းဦးလွင်ကိုလည်း ပေးရသေးတယ်လို့ ပြောတယ်” ဟု ကုန်သည်တစ်ဦးက မဲခေါင်သို့ ပြောသည်။
ယင်းကဲ့သို့ ကုန်သည်များကို အမှုထောင်ဒဏ်လျှော့ပေါ့ပေးရန်အတွက် ပြစ်ဒဏ်အလိုက် ငွေကြေးတောင်းခံမှုများရှိသလို အမိန့်ချမှတ်ပြီးနောက် ကုန်စည်များကို လေလံဈေးဖြင့် ပြန်လည်ရောင်းချရာတွင်လည်း သတ်မှတ်နှုန်းထားထက် ၁၀ ဆကျော် ပေးဆောင်ကာ ပြန်လည်ရွေးယူနေရကြောင်းနှင့် ကုန်တင်ကားများကိုလည်း ကျပ်သိန်းရာချီ ပေးဆောင်၍ ပြန်လည်ရွေးယူနေရကြောင်း ကုန်သည်အသိုင်းအဝိုင်းက ဆိုသည်။
Townace ကားတစ်စီးစာ ကုန်စည်များကို ပြန်လည်ရွေးယူရာတွင် အစိုးရသတ်မှတ်ဈေးမှာ ကျပ်သိန်း ၃၀ ခန့်သာရှိသော်လည်း တရားသူကြီးနှင့် ဒုတရားသူကြီးတို့က အနည်းဆုံး ကျပ်သိန်း ၃၀၀ တောင်းခံကြောင်း ကုန်သည်များက ပြောသည်။ ၂၂ ဘီး ကုန်တင်ယာဉ်တစ်စီးစာ ကုန်စည်များအတွက်မူ ကျပ်သိန်း ၆၀၀ မှ ၁၀၀၀ အထိ ပေးဆောင်ရကြောင်း သိရသည်။
၂၀၂၅ နှင့် ၂၀၂၆ ခုနှစ်များအတွင်း စစ်ကောင်စီက နယ်စပ်ကုန်သွယ်ရေးနှင့် ပြည်တွင်းသယ်ယူပို့ဆောင်ရေးလမ်းကြောင်းများတွင် ကုန်စည်စစ်ဆေးမှုများ တိုးမြှင့်လုပ်ဆောင်ခဲ့ပြီး ထိုင်းနှင့် တရုတ်နိုင်ငံမှ တင်သွင်းလာသည့် ကုန်စည်များကို စစ်ဆေးရေးဂိတ်များ၌ ဖမ်းဆီးသိမ်းဆည်းမှုများ ဆက်တိုက်ပြုလုပ်ခဲ့သည်။
ရှမ်းပြည်အတွင်းရှိ စစ်ဆေးရေးဂိတ်အချို့တွင်လည်း ထိုင်းနိုင်ငံမှ တင်သွင်းလာသည့် အဝတ်အထည်၊ စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ တင်ဆောင်လာသည့် ကုန်တင်ယာဉ်များအား ဖမ်းဆီးစစ်ဆေးခြင်းနှင့် ငွေကြေးတောင်းခံမှုများ ရှိခဲ့သည်။
ထို့ပြင် မကြာသေးမီ ရက်ပိုင်းအတွင်း စစ်ကောင်စီက ရှမ်းပြည်နယ်အရှေ့ပိုင်း ကုန်သွယ်ရေးလမ်းကြောင်းများရှိ ကုန်စည်စစ်ဆေးရေးဂိတ်များကို ဖျက်သိမ်းရန် ညွှန်ကြားခဲ့ကြောင်း ဒေသခံများနှင့် ကုန်သည်များထံမှ သိရပြီး ယခင်က ဖမ်းဆီးထားသည့် ကုန်စည်အမှုများမှာ တရားရုံးများတွင် ဆက်လက် စစ်ဆေးနေဆဲ ဖြစ်ကြောင်း သိရသည်။
#MeKongNews
#ဟိုပုံးမြို့နယ်
#တရားသူကြီး
#ကုန်ကား
#ပို့ကုန်သွင်းကုန်








