မဲခေါင်၊ ဇွန် ၂၂
ဆွစ်ဇာလန်နိုင်ငံ၊ ဘာဂျင်စတော့ အပန်းဖြေစခန်း၌ အပြုသဘောဆောင်သော ပတ်ဝန်းကျင်တစ်ခုတွင် ဖြစ်ပေါ်ခဲ့သည်ဟု ကြားဝင်စေ့စပ်ပေးနေသည့် ပါကစ္စတန်နှင့်ကာတာတို့၏ ပူးတွဲထုတ်ပြန်ချက်တွင် ဖော်ပြသည့် နှစ်နိုင်ငံကြား တိုက်ရိုက်ဆွေးနွေးမှုများတွင် ရက်ပေါင်း ၆၀ အတွင်း နောက်ဆုံး သဘောတူညီချက်တစ်ရပ် ထွက်ပေါ်လာရေး လမ်းပြမြေပုံကို အမေရိကန်နှင့် အီရန်တို့က သဘောတူလိုက်ကြသည်။
ဆွေးနွေးပွဲများအား နိုင်ငံရေးကြီးကြပ်မှု ပေးနိုင်ရန် ရည်ရွယ်၍ အဆင့်မြင့်ကော်မတီကိုလည်း နှစ်ဖက်စလုံးက ထူထောင်ခဲ့ကြကြောင်း သိရသည်။
ထို့ပြင် လက်ဘနွန်နိုင်ငံတွင် စစ်ဆင်ရေးများ အဆုံးသတ်မှု သေချာစေရန် လက်ဘနွန်အစိုးရ၊ အခြားသက်ဆိုင်များ ပါဝင်သော ပဋိပက္ခလျှော့ချရေး အဖွဲ့တစ်ခု ထူထောင်ရေးကိုလည်း နှစ်ဖက်စလုံးက သဘောတူညီခဲ့ကြကာ ၎င်းတို့ကို ကြားဝင်စေ့စပ်ပေးသူများက ကူညီပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ဟောမုဇ်ရေလက်ကြားတွင် ကုန်သွယ်ရေကြောင်း သင်္ဘောများ ဘေးကင်းစွာဖြတ်သန်းနိုင်ရေး ရည်ရွယ်၍ မှားယွင်းဆက်သွယ်မှု နှင့် မလိုလားအပ်သော ဖြစ်စဉ်များကို ရှောင်ရှားနိုင်ရန် ဆက်သွယ်ရေးလမ်းကြောင်းကိုလည်း နှစ်ဖက် ထူထောင်သွားကြမည် ဖြစ်သည်။
အကြောင်းအရာ အားလုံးအပေါ် သဘောတရားပိုင်း ဆွေးနွေးမှုများကို ဘာဂျင်စတော့ အပန်းဖြေစခန်းမှာပင် သီတင်းတစ်ပတ်လုံး ဆက်လက်ဆွေးနွေးကြမည်ဟု ထုတ်ပြန်ချက်က ဆက်လက်ဖော်ပြသည်။
အေးကျော်
Ref:Breaking News
#MeKongNews
#သဘောတူညီချက်
#လမ်းပြမြေပုံ
#အမေရိကန်
#အီရန်








