မဲခေါင်၊ ဇွန် ၁၅
ရှမ်းပြည်မြောက်ပိုင်း တိုက်ပွဲများအတွင်း MNDAA က ဖမ်းဆီးမိထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သုံ့ပန်းများကို ပြန်လွှတ်ပေးနေရာ ယနေ့တွင် ၁၈၇ ဦး ပြန်လည် လွတ်မြောက်လာကြောင်း သိရသည်။
၎င်းတို့ ယနေ့ ဇွန် ၁၅ ရက်တွင် လားရှိုးသို့ ပြန်လည်လွတ်မြောက်လာကြောင်း စစ်သုံပန်းမိသားစုဝင်များကလည်း လူမှုကွန်ရက်များပေါ်တွင် ဖော်ပြလျက်ရှိကြောင်း တွေ့ရသည်။
မြေပြင်သတင်းအရလည်း ရေပူစမ်းတွင် လွှဲပြောင်းခဲ့သည်ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
“ဆင်နှစ်ကောင်မှာလည်း ၂ ဖက်တွေ့နေတယ်။ သိန္နီဖက်က စစ်သုံ့ပန်းတွေလာတာ၊ နေ့လယ် ၁ နာရီ ၄၀ က လားရှိုးရောက်တယ်။ တွေ့လို့ မရသေးဘူး” ဟု စစ်သုံ့ ပန်းမိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
MNDAA သည် ပြီးခဲ့သည့် ဧပြီ ၂၈ ရက်ကလည်း စစ်သုံ့ပန်း ၆၈ ဦးကို ပြန်လွှတ်ပေးခဲ့သေးသည်။
၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်ကောင်စီသုံ့ပန်းနှင့် မိသားစုဝင် ထောင်နှင့်ချီ၍ MNDAA က ဖမ်းဆီးရမိခဲ့ရာမှ ပြန်လည် လွှတ်ပေးလျက်ရှိရာ မဲခေါင်မှ မှတ်သားထားချက်အရ အနီးစပ်ဆုံး လူဦးရေ ၃ ထောင်ဝန်းကျင်အထိ ပြန်လည်လွှတ်ပေးခဲ့ပြီး ဖြစ်သည်။
မဲခေါင်မှ မှတ်သားမိသည့် စာရင်းများအရ MNDAA သည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၈ ရက်ကလည်း လောက်ကိုင်နှင့် ကွမ်းလုံဘက်မှ စစ်သုံ့ပန်း ၂၀၀ ကျော်ကို လွှတ်ပေးခဲ့သေးသည်။
ယခုနှစ် ဇန်နဝါရီ ၃၁ ရက်က ၂၀၆ ဦးနှင့် ၁၄ ရက်တွင် စစ်သုံ့ပန်း ၈၀ ဦးပြန်လွှတ်ပေးခဲ့သည်။
ထို့ပြင် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်နှင့် နိုဝင်ဘာ ၁၅ ရက်၌လည်း ၁၀၂၇ စစ် ဆင်ရေးကာလက ဖမ်းဆီးခဲ့သည့် စစ်ဆင်ရေးကွပ်ကဲမှုဌာ နချုပ် – စကခ(၁၄) လက်အောက်ခံတပ်ရင်း ခ လရ (၂၇၇) မှ ဗိုလ်မှူး ကျော်ဇေယျ၊ စကခ (၁) မှ ဗိုလ်မှူးအောင်မြင့်ထူး အပါအဝင် သုံ့ပန့်း ၂၅၀ ခန့်ကိုလည်း MNDAA က ပြန်လွှတ်ပေးခဲ့သေးသည်။
ထို့နောက် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၅ ရက်က လောက်ကိုင်ဒကစကို တိုက်ခိုက်သိမ်းပိုက်ချိန်၌ လက်နက်ချ အညံ့ခံခဲ့သည့် လောက်ကိုင် ဒကစမှူး ဗိုလ်မှူးချုပ်မိုးကျော်သူ၊ ဗိုလ်မှူးချုပ် ထွန်းထွန်းမြင့် အပါအဝင် ဗိုလ်မှူးချုပ် ၆ ဦး၊ အရာရှိ ၂၂၈ ဦး၊ အခြားအဆင့် ၁၈၉၅ ဦးကို ဖမ်းပြီးနောက် MNDAA က ပြန်လွှတ်ပေးခဲ့သည်။
လားရှိုးမြို့၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို သိမ်းသည့် တိုက်ပွဲတွင်လည်း တိုင်းမှူးဟောင်း ဗိုလ်ချုပ်စိုးတင့်၊ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်(၁) ဗိုလ်မှူးချုပ် မျိုးမင်းထွေး၊ ရမခတိုင်း စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် သန့်ထင်စိုးတို့ကိုလည်း MNDAA က ဖမ်းမိခဲ့ပြီး စစ်ကောင်စီထံ ပြန်လွှဲပေးခဲ့သည်။
MNDAA သည် ၁၀၂၇ စစ်ဆင်ရေးစတင်ခဲ့ပြီး လားရှိုး၊ လောက်ကိုင်၊ ချင်းရွှေဟော်၊ မုံးကိုး၊ ဖောင်းဆိုင်၊ ကုန်းကြမ်း၊ ပန်လုံ၊ ကွမ်းလုံ၊ သိန္ဒီ၊ တာမိုးညဲ၊ ပန်ဆိုင်းမြို့များကို သိမ်းပိုက်ခဲ့သည်။
ထို့နောက် လားရှိုးမြို့ကိုမူ တရုတ်နိုင်ငံ၏ ဖိအားကြောင့် စစ်ကောင်စီထံ ပြန်လည်လွှဲပြောင်းပေးခဲ့သည်မှာ ပြီးခဲ့သည့် ဧပြီ ၂၄ ရက်က တစ်နှစ်ပြည့်ခဲ့ပြီ ဖြစ်သည်။
#MeKongNews
#စစ်ကောင်စီ
#သုံ့ပန်း
#MNDAA
#ပြန်လွှတ်








