မဲခေါင်၊ ဇွန် ၁၂
ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ဟဲဟိုးမြို့ အုပ်ချုပ်ရေးမှူး ဦးဇော်မိုးက ၎င်း၏ဇနီးဖြစ်သူအတွက် မွေးနေ့လက်ဆောင်အဖြစ် ငွေကျပ် သိန်း ၁၀၀ ထည့်သွင်းပြုလုပ်ထားသည့် မွေးနေ့ကိတ်မုန့်ကို မိသားစုနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ထွေအုပ်) ဝန်ထမ်းများရှေ့၌ ခွဲနေသည့် ရုပ်သံဖိုင်တစ်ခု လူမှုကွန်ရက်ပေါ်တွင် ပေါက်ကြားလာခဲ့သဖြင့် ကြည့်ရှုသူ ပြည်သူများအကြား ဝေဖန်မှုများ ထွက်ပေါ်လျက်ရှိကြောင်း သိရသည်။
ယင်းရုပ်သံဖိုင်သည် ယမန်နေ့ ဇွန်လ ၁၁ ရက်နေ့က လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် စတင်ပျံ့နှံ့လာခဲ့ခြင်းဖြစ်ပြီး ဗီဒီယိုဖိုင်ကို စတင်လွှင့်တင်သူက “ထွေအုပ် ဦးဇော်မိုး၊ သူ့မိန်းမမွေးနေ့ကို သိန်း ၁၀၀ မွေးနေ့ကိတ်ထဲမှာ ထည့်ပေးတဲ့ ဗီဒီယို၊ ထွေအုပ်တွေကို အားကျတယ်” ဟု ရေးသားဖော်ပြထားသည်ကို တွေ့ရသည်။
ပြီးခဲ့သည့် ဇွန်လ ၄ ရက်နေ့ကလည်း ပြင်ဦးလွင်မြို့မှ နေပြည်တော်သို့ ရာထူးတိုးဖြင့် ပြောင်းရွှေ့သွားသည့် အုပ်ချုပ်ရေးမှူး ဦးတင်အောင်လွင်၏ ဂုဏ်ပြုနှုတ်ဆက်ပွဲတွင် ငွေကျပ် သိန်း ၇၀ ကျော်အထိ လေထဲသို့ ကြဲချခဲ့သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ဖူးသည်။
ယင်းဖြစ်စဉ်ကြောင့် ကြားသိမြင်တွေ့ရသည့် ပြည်သူလူထုအကြား ပြင်းထန်စွာ ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရပြီးနောက် စစ်ကောင်စီက ဌာနတွင်း စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ရသည်အထိ သတင်းများ ထွက်ပေါ်ခဲ့သေးသည်။
ယခု ဖြစ်စဉ်ဖြစ်ပွားရာ ဟဲဟိုးမြို့သည် မြို့နယ်ခွဲအဆင့်ရှိ မြို့ငယ်တစ်မြို့သာ ဖြစ်သော်လည်း ရှမ်းပြည်တောင်ပိုင်းတွင် အကြီးဆုံးဖြစ်သည့် တရားမဝင် လောင်းကစားဝိုင်းများ တည်ရှိရာမြို့ဖြစ်သဖြင့် သတင်းမီဒီယာများတွင် မကြာခဏ ဖော်ပြခံနေရသည့် မြို့တစ်မြို့ဖြစ်ကြောင်းလည်း စုံစမ်းသိရှိရသည်။
#MeKongNews
#ဟဲဟိုး
#ရှမ်းတောင်
#မွေးနေ့လက်ဆောင်
#လောင်းကစားဝိုင်း








