မဲခေါင်၊ ဇွန် ၉
ရှမ်းပြည်မြောက်ပိုင်း၊ နမ္မတူမြို့တွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်-TNLA တပ်ဖွဲ့ဝင် ၂ ဦးသည် ပြည်သူတစ်ဦးကို ဆိုင်ကယ်ဖြင့် တိုက်မိသည့်အပြင် ပါးတစ်ချက်ပါ ရိုက်သွားသဖြင့် အရေးယူစေလိုသည်ဟု ဒေသခံ သတင်းရင်းမြစ်များက ပြောသည်။
ယမန်နေ့ ဇွန် ၈ ရက်၊ နံနက် ၈ နာရီကျော်တွင် ဆိုင်ကယ်စီးလာသည့် TNLA တပ်ဖွဲ့ဝင် ၂ ဦးသည် နမ္မတူဈေးအနီးရှိ လက်ဖက်ရည်ဆိုင်အနီးတွင် အသက် ၅၀ အရွယ်ခန့်ရှိ အမျိုးသားတစ်ဦးကို ဆိုင်ကယ်ဖြင့် ဝင်တိုက်မိခဲ့ရာ တောင်းပန်ခြင်း မပြုသည့်အပြင် ပါးတစ်ချက်ပါ ရိုက်သွားခြင်းဖြစ်သည်ဟု မျက်မြင်တွေ့ခဲ့ရသည့် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
“ဖြစ်သွားတာက နမ္မတူဈေးအနီး လက်ဖက်ရည်ဆိုင်နဲ့ ညောင်ပင်နားမှာဖြစ်သွားတာ။ ကျနော့်ရှေ့မှာပဲ အကုန်မြင်တယ်။ ဆိုင်ကယ်နဲ့တိုက်ပြီးတော့ တပ်သား ၂ ယောက်က မတောင်းပန်ဘဲ ဒီအတိုင်း ထွက်သွားမလို့လုပ်တာ အဲဒါ အတိုက်ခံရတဲ့ဦးလေးက ငါ့ကို ဒီလိုက်တိုက်ပြီး ဒီအတိုင်းထွက်သွားမလို့လားလို့ တားတာကို TNLA တပ်သားက ဆဲဆိုပြီး တားတဲ့ဦးလေးကို ပါးတချက်ရိုက်သွားတယ်”ဟု ဖြစ်စဉ်ကို မျက်မြင်တွေ့ခဲ့သည့် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
ထို့ကြောင့် TNLA အထက်အရာရှိများအနေဖြင့် ယခုကဲ့သို့ ပြုမူသည့် တပ်ဖွဲ့ဝင်များကို စုံစမ်းပြီး အရေးယူပေးစေလိုသည်ဟုလည်း ၎င်းကပြောသည်။
“အဓိကဖြစ်စေချင်တာ ဒီလိုလုပ်တာက ပြည်သူကို နှိပ်စက်သလို ဖြစ်တယ်လေနော်။ TNLA တပ်က လူကြီးတွေအနေနဲ့ နောက်နောင် ကိုယ့်တပ်ဖွဲ့ဝင်တွေက လူထုကို ဒီလိုမဆက်ဆံဖို့ လုပ်တဲ့လူတွေကို စုံစမ်းပြီး ဆုံးမစေချင်တယ်။ အဲ့ဒီမှာဖြစ်သွားတာ လက်ဖက်ရည်ဆိုင်က လူတွေလည်း အကုန်မြင်တယ်။ အတိုက်ခံရတဲ့ဦးလေးက ဆိုင်ကယ်အောက်တောင် ရောက်သွားတာ။ သူတို့က တောင်းပန်ပါတယ်လို့တောင် မပြောသွားဘူး။ ဒီလိုလုပ်တာကျ တအားလွန်လွန်တယ်လေနော်”ဟု ဖြစ်စဉ်ကို မျက်မြင်တွေ့ခဲ့သည့် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
ရှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့သည် ၁၀၂၇ စစ်ဆင်ရေးအတွင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်-TNLA က စစ်ကောင်စီကို တိုက်ထုတ်ကာ သိမ်းပိုက်ထိန်းချုပ်ထားသည့် မြို့ဖြစ်သည်။
#MeKongNews
#ပြည်သူတစ်ဦး
#ပါးရိုက်
#TNLA
#အရေးယူ








