မဲခေါင်၊ ဇွန် ၉
ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့တွင် ယမန်နေ့က ရွှေဆိုင်ပိုင်ရှင် လင်မယား ဓားပြတိုက်ခံရကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။
ယမန်နေ့ ဇွန် ၈ ရက်၊ ညနေ ၄ နာရီခန့်တွင် မူဆယ်မြို့မဈေးကြီး၌ ရွှေဆိုင်ဖွင့်လှစ်ထားသည့် ဇနီးမောင်နှံ နှစ်ဦးသည် ဆိုင်ပိတ်၍ ဆိုင်ကယ်ဖြင့် ကောင်းခါးရပ်ကွက်ရှိ နေအိမ်သို့ ပြန်လာခဲ့ကြရာ နေအိမ်အနီးရှိ လမ်းကြားအတွင်းသို့ အဝင်တွင် အရပ်ဝတ် လက်နက်ကိုင် ၄ ဦး လိုက်ပါလာသည့် အိမ်စီးကား (အဖြူရောင်) တစ်စီးက ၎င်းတို့၏ ဆိုင်ကယ်ကို ရှေ့တည့်တည့်မှ ရည်ရွယ်ချက်ဖြင့် ဝင်တိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဆိုင်ကယ်လဲကျသွားချိန်တွင် ကားပေါ်မှ သေနတ်ကိုင်ဆောင်ထားသူများ ဆင်းလာပြီး သေနတ်ဖြင့် ချိန်ရွယ်ကာ သေနတ်တစ်ချက်ပစ်ဖောက်ပြီး ရွှေနှင့် ငွေများ ထည့်ထားသည့် အိတ်ကို လုယူပြီး မောင်းနှင်ထွက်ပြေးသွားခဲ့ကြကြောင်း သိရသည်။
“သေနတ်တော့ မမှန်ဘူး၊ ဆိုင်ကယ်ကိုတိုက်ခံရတာနဲ့ ကြောက်တာကြောင့်တော့ ရှော့ခ်နည်းနည်းရတာရှိတယ်။ ရွှေဘယ်လောက်ပါသွားမှန်း သေချာမသိရသေးဘူး” ဟု သတင်းရင်းမြစ်က ဆိုသည်။
ဓားပြတိုက်မှုတွင် အသုံးပြုခဲ့သည့် အဖြူရောင်ကားကို မူဆယ်မြို့ ဆီဆိုင်တစ်ဆိုင်အနီး (စက်မှုဇုန်အနီး) လမ်းဘေးတွင် စွန့်ပစ်ထားခဲ့သည်ကို ပြန်လည်တွေ့ရှိခဲ့ရပြီး ဓားပြများသည် ယင်းကားကို ထားပစ်ခဲ့ပြီး အခြားဆိုင်ကယ်များဖြင့် ထပ်မံထွက်ပြေးတိမ်းရှောင်သွားကြသည်ဟု သိရသည်။
”အဲဒီကားကို အခု စက်မှုဇုန်နားက မန်ဂျန်နား ဆီဆိုင်အနီးမှာ စွန့်ပစ်ထားခဲ့တာ၊ စက်တောင် မသတ်ထားထားဘူး။ လူတွေကတော့ ထွက်ပြေးသွားပြီ၊ လိုက်နေတယ်” ဟု ပြည်သူ့စစ်တစ်ဦးက ပြောသည်။
လုယက်ခံရသည့် ရွှေနှင့် ငွေကြေးပမာဏ အတိအကျကိုမူ ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။
လက်ရှိ မူဆယ်မြို့တွင် လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ပြည်သူ့စစ်အဖွဲ့ပေါင်းစုံ ရှိနေသော်လည်း တရားဥပဒေစိုးမိုးမှု အားနည်းနေပြီး ယခုကဲ့သို့ ပြောင်ပြောင်တင်းတင်း လုယက်ဓားပြတိုက်မှုများ မကြာခဏ ဖြစ်ပွားနေသဖြင့် ပြည်သူများအနေဖြင့် လုံခြုံရေးအတွက် စိုးရိမ်ထိတ်လန့်နေကြပြီး အထူးသတိပြုသွားလာကြရန် ဒေသခံအချင်းချင်း သတိပေးနေကြသည်။
#MeKongNews
#မူဆယ်
#ရွှေဆိုင်ပိုင်ရှင်
#လင်မယား
#ဓားပြတိုက်








