မဲခေါင်၊ ဇွန် ၉
ရှမ်းပြည်မြောက်ပိုင်း၊ စစ်ကောင်စီ ထိန်းချုပ်ရာ လားရှိုးမြို့တွင် နေအိမ်တစ်အိမ်မှ ကားကို ခိုးယူမောင်းနှင်လာသူက ကားတိုက်မှုဖြစ်ပွားပြီးနောက် လာရောက်ဖမ်းဆီးသည့် ယာဉ်ထိန်းရဲ၏ မော်တော်ဆိုင်ကယ်ကိုပါ လုယူထွက်ပြေးရန် ကြံစည်သဖြင့် အနီးနားရှိ ပြည်သူများက ဝိုင်းဝန်းဖမ်းဆီးခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။
ဇွန်လ ၇ ရက် နံနက် ၁၁ နာရီကျော်ဝန်းကျင်ခန့်က လားရှိုးမြို့၊ ရပ်ကွက် (၁၂) ရှိ နေအိမ်တစ်လုံးမှ Canter (၁၀ ပေ) အမျိုးအစား မော်တော်ယာဉ်ကို ခိုးယူမောင်းနှင်လာသည့် ကားသူခိုးသည် လေယာဉ်ကွင်းလမ်းညာဘက်ရှိ “လားရှိုးကြီး” မီးပွိုင့်နတ်စင်အနီး ပလက်ဖောင်းကို ဝင်ရောက်တိုက်မိခဲ့ပြီးနောက် ကားတာယာဘီးများ ပွင့်ထွက်သွားခဲ့သဖြင့် ၎င်းကားကို ထားပစ်ခဲ့ကာ လမ်းဘေးရှိ ဆိုင်ကယ်များကို လုယူ၍ ထွက်ပြေးရန် ကြိုးစားခဲ့ခြင်း ဖြစ်သည်။
“ကားက တာယာတွေ ပွင့်သွားတော့ ကားကို ပစ်ထားခဲ့ပြီး အဲဒီလမ်းဆုံနားက အကြော်ဆိုင်က ဆိုင်ကယ်ကို အတင်းလုယူနှိုးနေတာ။ အဲဒီအချိန်မှာ မော်တော်ပီကယ်လည်း ရောက်လာရော ဟိုဆိုင်ကယ်က နှိုးလို့မရတာနဲ့ ရဲရဲ့ဆိုင်ကယ်ကိုပါ ထပ်ပြီး လုယူပြေးဖို့ လုပ်တာ။ အဲဒါနဲ့ လမ်းဆုံနားက ပြည်သူတွေအကုန်လုံး ဝိုင်းဝန်းဖမ်းဆီးပြီး ကြိုးနဲ့တုပ်ထားလိုက်ရတာ” ဟု ယင်းနေရာအနီးရှိ လက်ဖက်ရည်ဆိုင်တွင် ရှိနေခဲ့သည့် မျက်မြင်သက်သေတစ်ဦးက မဲခေါင်သို့ ပြောသည်။
လားရှိုးမြို့ပေါ်တွင် ခိုးဆိုးလုနှိုက်မှုများနှင့် ရာဇဝတ်မှုများ မကြာခဏ ဖြစ်ပွားလေ့ရှိပြီး ပြီးခဲ့သည့် မေလအတွင်းကလည်း ပါရမီလမ်းကြားတွင် ဆိုင်ကယ် ၂ စီးဖြင့် လာသည့် လူ ၄ ဦးက CZ-I (အနီရောင်) ဆိုင်ကယ်တစ်စီးနှင့် ငွေကျပ်သိန်း ၁၀၀ ကို ဓားထောက်လုယက်သွားခဲ့သည့် ဖြစ်စဉ် ရှိခဲ့ဖူးသည်။
ပြီးခဲ့သည့်နှစ် ဧပြီလပိုင်းက လားရှိုးမြို့ကို စစ်ကောင်စီက ပြန်လည်ထိန်းချုပ်ပြီးနောက်ပိုင်း မြို့ပေါ်ရပ်ကွက်များတွင် ခိုးမှု၊ လုယက်မှုနှင့် ဒုစရိုက်မှုအမျိုးမျိုး နေ့စဉ်နှင့်အမျှ ဖြစ်ပွားနေသဖြင့် မြို့ခံမိဘပြည်သူများအနေဖြင့် လုံခြုံရေးအတွက် စိုးရိမ်ထိတ်လန့်စွာ နေထိုင်နေကြရကြောင်း စုံစမ်းသိရှိရသည်။
#MeKongNews
#လားရှိုး
#ကားသူခိုး
#ယာဉ်ထိန်းရဲ
#ဒုစရိုက်မှု








