မဲခေါင်၊ ဇွန် ၁
နမ့်ခမ်းမြို့၊ ကောင်းတပ်ကျေးရွာတွင် ဖြစ်ပွားခဲ့သည့် ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုအပေါ် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် – TNLAအနေဖြင့် တာဝန်ယူ တာဝန်ခံမှု အပြည့်ရှိရန် တအာင်းပြည်ကောင်စီ – TLC က တိုက်တွန်းလိုက်သည်။
ယမန်နေ့ မေ ၃၁ ရက် မွန်းတည့်အချိန်တွင် ကောင်းတပ်ကျေးရွာ၌ ဖြစ်ပွားခဲ့သည့် ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုအတွင်း ပြည်သူ ၅၅ ဦး ထိခိုက်သေဆုံးပြီး ၇၀ ဦးကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့်အပြင် ဘုန်းကြီးကျောင်း၊ လူနေအိမ် အဆောက်အအုံများ အများအပြား ထိခိုက်ပျက်စီးခဲ့သည်ဟု TLC ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ထို့ကြောင့် သက်ဆိုင်ရာတာဝန်ရှိသူ PSLF/TNLA ခေါင်းဆောင်များအနေဖြင့် ပေါက်ကွဲမှုဖြစ်စဉ် အကြောင်းရင်းအမှန်ကို အသေးစိတ် စုံစမ်းစစ်ဆေးပြီး ယင်းဖြစ်စဉ်အပေါ် တာဝန်ခံမှု တာဝန်ယူမှု အပြည့်ရှိရန် နှင့် တာဝန်ရှိသူများ၊ ပါဝင်ပတ်သက်သူများကို ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်ပေးရန် TLC က ထုတ်ပြန်ချက်တွင် တောင်းဆိုသည်။
နမ်းခမ်းမြို့နှင့် ကပ်လျက်ရှိသည့် ကောင်းတပ်ရွာတွင် ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုသည် PSLF/TNLA စီးပွားရေးဌာနမှ မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းများတွင် အသုံးပြုရန် သိုလှောင်ထားသော ယမ်းပျော့များ ဖြစ်ပြီး စုံစမ်းဆေးမှု ပြုလုပ်ကာ တာဝန်ရှိသူကို အရေးယူသွားမည်ဟု TNLA က ထုတ်ပြန်ထားသည်။
ထိုပေါက်ကွဲမှုကြောင့် ဆုံးရှုံးမှုများစွာရှိခဲ့ရာ ပြန်လည် ထူထောင်ရေးလုပ်ငန်းများ အမြန်ဆုံး ဆောင်ရွက်ပေးရန် နှင့် မည်သည့်ကိစ္စရပ်မျိုးကိုမဆို ပြုလုပ်ပါက ပြည်သူလူထု အန္တရာယ်ကင်းရှင်းရေးနှင့် လုံခြုံရေးအား အထူးဂရုပြု လုပ်ဆောင်ရန်လည်း TLC က တိုက်တွန်းပြောဆိုသည်။
ထို့ပြင် တအာင်းပြည်တစ်ဝှမ်းလုံး နှင့် ပြည်တွင်းပြည်ပ နေရာဒေသ အသီးသီးတွင် ရောက်ရှိနေကြ သည့် မိဘပြည်သူများအနေဖြင့်လည်း ကောင်းတပ်ရွာ မိဘပြည်သူများ အမြန်ဆုံး ပြန်လည်ထူထောင်နိုင်ရန်၊ ပေါက်ကွဲမှု ဖြစ်စဉ်ကြောင့် ထိခိုက်သေဆုံးသူတို့၏ ကျန်ရစ်သူ မိသားစုဝင်များ၊ ထိခိုက်ဒဏ်ရာရ သူများနှင့် နေအိမ်အဆောက်အအုံများ ပြန်လည်တည်ဆောက်ရန် တတ်စွမ်းသမျှ ဝိုင်းဝန်းကူညီ ပံ့ပိုးဖေးမကြရန် အလေးအနက်ထား တိုက်တွန်းသည်ဟုလည်း TLC က ပြောသည်။
TLC ကို တအာင်း အရပ်ဘက်အဖွဲ့အစည်းများ၊ တအာင်း တော်လှန်ရေးအဖွဲ့အစည်းများ၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် – PSLF/TNLA၊ တအာင်းနိုင်ငံရေးပါတီ နှင့် ပညာရှင်များမှ စုပေါင်းပြီး ဖွဲ့စည်းထားခြင်း ဖြစ်သည်။
#MeKongNews
#ကောင်းတပ်ရွာ
#ပေါက်ကွဲမှု
#တာဝန်ယူမှု
#တအာင်းပြည်ကောင်စီ








