မဲခေါင်၊ မေ ၂၄
ရှမ်းပြည်မြောက်ပိုင်း၊ TNLA ထိန်းချုပ်၊ တအာင်းဒေသ၊ နမ့်ဆန်မြို့နယ်၊ ကျောက်ဖြူလေးကျေးရွာမှ အမျိုးသမီးငယ်တစ်ဦး မူဆယ်ကို အလုပ်သွားလုပ်ရာမှ ပျောက်ဆုံးနေသည်မှာ ၂ လနီးပါးရှိနေပြီဖြစ်ကြောင်း မိသားစုနှင့် နီးစပ်သူများထံမှ သိရသည်။
ယင်းအမျိုးသမီးငယ်၏ အမည်မှာ မိုမိုးအေးဖြစ်ပြီး မိဘအမည်များမှာ ဦးအိုက်ပန်နဲ့ ဒေါ်အေးမဲ့တို့ဖြစ်ကြောင်း သိရသည်။
“မူဆယ်မှာ ရှာနေတာတော့ သတင်းမရဘူး။ ဟိုဘက်ရောက်သွားရင်တော့ ကောင်မလေးကိုယ်တိုင်က ဆက်သွယ်လာမှဖြစ်မှာ။ မိဘကလည်းမလွှတ်သင့်ဘူး”ဟု မူဆယ်လူမှုကူညီသူတစ်ဦးက ပြောသည်။
၎င်းအမျိုးသမီးငယ်မှာ ပြီးခဲ့သည့် ဧပြီလက မူဆယ်ရှိ ဂိမ်းဆိုင်တစ်ခုတွင် အလုပ်လုပ်မည်ဆိုကာ သွားရောက်ရာမှ ယခုအထိ အဆက်အသွယ် မရတော့ဟု သိရသည်။
ပြီးခဲ့သည့် မေ ၅ ရက်က မူဆယ်တွင် အထည်ချုပ်လုပ်ငန်း လစာကောင်းသည်ဆိုကာ လာရောက်သည့် လပွတ္တာမှ အသက် ၁၇ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးကိုလည်း မိဘများကိုယ်တိုင် စစ်ကောင်စီ လူကုန်ကူးမှုတားဆီးရေး ရဲတပ်ဖွဲ့ အကူအညီဖြင့် လာရောက် ရှာဖွေသော်လည်း ယခုထိ မတွေ့သေးကြောင်း သိရသည်။
မူဆယ်ရှိ လူမှုရေးအသင်းများကမူ လူကုန်ကူးမှုဖြစ်စဥ်များ တွေ့ကြုံရမှု များပြားလွန်းသဖြင့်အမျိုး သမီးငယ်များ လာရောက်ခြင်းမပြုရန် အကြံပြုလျက်ရှိသည်။
#MeKongNews
#နမ့်ဆန်
#အမျိုးသမီးငယ်
#မူဆယ်
#ပျောက်ဆုံး








