မဲခေါင်၊ မေ ၂၄
ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်ရှိ ဘန်းယဉ်ရဲစခန်းက အကြောင်းအမျိုးမျိုးပြကာ ပြည်သူများကို ခြိမ်းခြောက်ဖမ်းဆီး ငွေညှစ်နေသည်ဟု ဒေသခံများထံမှ သိရသည်။
ဘန်းယဉ်ရဲစခန်းမှ စခန်းမှူး ဒုရဲမှူး ခွန်ကျော်ဝင်းသည် ပြည်သူများအား မူးယစ်ဆေး အကြောင်းပြ ဖမ်းဆီးကာ ငွေတောင်းခြင်း ငွေညစ်ခြင်းများအပြင် ယာဉ်တိုက်မှုများတွင်လည်း လာဘ်ငွေတောင်းစားခြင်းများ ပြုလုပ်နေသည်ဟု ဒေသခံတစ်ဦးက ပြောသည်။
“မူးယစ်ဆေးသုံးတယ်လို့ စွပ်စွဲပြီး ဖမ်းတာ၊ တကယ်သုံးရင် တကယ်ဖမ်းပြီး အရေးယူတယ်ဆို တမျိုးပေါ့။ အခုက ဖမ်းပြီး ငွေညှစ်တာ အခုတလောပဲ ဘန်းယဉ်မြို့ထဲက ၂ ယောက်ကို ဖမ်းပြီး ငွေတောင်းတာ တစ်ယောက်ကို သိန်း ၈၀ နဲ့ပြန်ရွေးရတယ်”ဟု ဖြစ်စဉ်ကို သိရှိသည့် ဒေသခံတစ်ဦးက ပြောသည်။
ထိုသို့ ဖမ်းဆီးပြီး ငွေညစ်ခံရသည့်သူများမှာ ဘန်းယဉ်မြို့နေ ဦးမိုးအေး နှင့် ဒေါ်တရုတ်မဆိုသူတို့ဖြစ်ပြီး တစ်ဦးကို သိန်း ၈၀ ဖြင့် ပြန်ရွေးခဲ့ရသည်ဟု ၎င်းကပြောသည်။
ထို့ပြင် ဘန်းယဉ်မြို့၌ မေ ၁၇ ရက်တွင် ဖြစ်ပွားသည့် ယာဉ်တိုက်မှုတွင်လည်း ဘန်းယဉ်ရဲစခန်းက ငွေ ၂၅ သိန်းတောင်းခဲ့သည်ဟု ဘန်းယဉ်ရဲစခန်းနှင့် နီးစပ်သည့် သတင်းရင်းမြစ်က ပြောသည်။
“သူတို့က အောက်ခြေရဲတွေကို တအားအနိုင်ကျင့်တယ်ဗျာ။ ရိုက်နှက်တာလည်း လုပ်တယ်။ ၁၇ ရက်နေ့က ကားတိုက်မှုဆိုလည်း တပ်ကြပ်ကြီး ဝင်းရွှေက ငွေ ၂၅ သိန်းတောင်းပြီး ပြန်လွတ်လိုက်တယ်”ဟု ၎င်းသတင်းရင်းမြစ်က ပြောသည်။
ထို့ပြင် ဆီဆိုင်မြို့နယ် အတွင်းရှိ ဘိန်းစိုက်သည့် ကျေးရွာများကို ဘန်းယဉ်ရဲစခန်းက PNO နှင့် ပေါင်းကာ တစ်ရွာ ကျပ်သိန်း ၁၀၀ ကျော် တောင်းခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
“ကျနော်တို့ ရွာဆို သိန်း ၃၅၀ တောင်းလာတယ်၊ ဘန်းယဉ် ရဲစခန်းအတွက်က ၁၂၀ တဲ့ ကျန်တာက PNO နဲ့ စစ်တပ်အတွက်တဲ့။ ဘိန်းစိုက်တယ်ဆိုပြီး နာမည်ကြီးတာက ရွာသားတွေ၊ တကယ်စားရတာက အဖွဲ့အစည်းတွေပဲဗျ”ဟု ဆက်ကြေးပေးရသည့်ရွာမှ ဒေသခံတစ်ဦးက ပြောသည်။
ထို့သို့ ရဲ၊ စစ်တပ်နှင့် PNO များကို အခွန်ဆောင်ပြီး ဘိန်းစိုက်ကြရသော်လည်း တောင်းသည့် ပမာဏအတိုင်း မပေးနိုင်ပါက ဘိန်းခင်း ဖျက်ဆီးခံရသည်များလည်း ရှိသည်ဟု ဒေသခံများထံမှ သိရသည်။
#MeKongNews
#ဘန်းယဉ်ရဲစခန်း
#ပြည်သူများ
#ဖမ်းဆီး
#ငွေညှစ်








