မဲခေါင်၊ မေ ၁၈
ရှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့ရှိ ရှမ်းတောင်အထူးတပ်ဖွဲ့ဝင်တစ်ဦး၏ နေအိမ်ကို စစ်ကောင်စီက ပြီးခဲ့သည့်သီတင်းပတ်အတွင်း လေလံပစ်ခဲ့ရာ မြို့ပေါ်ရှိ စစ်တပ်အသိုင်းအဝန်းက လေလံဆွဲယူသွားကြောင်း သိရသည်။
ယင်းနေအိမ်မှာ အောင်ပန်းမြို့၏ နွေဦးတော်လှန်ရေး စတင်ရာ နေရာတစ်ခုဖြစ်ပြီး ယခု ရှမ်းတောင်အထူးတပ်ဖွဲ့ (P.3.9702) တပ်ရင်း၏ ခေါင်းဆောင် ဒေါ်ဝင်းမြသွယ် (ခ) မနီ ၏ အိမ်ဖြစ်ကြောင်း သိရသည်။
နေအိမ်၏ ကာလပေါက်ဈေးမှာ ကျပ်သိန်းသောင်းချီ တန်ဖိုးရှိနေသော်လည်း ဒေသခံများက ဝယ်ယူရန် မရဲကြသဖြင့် စစ်တပ်အသိုင်းအဝန်းမှ အောင်ပန်းမြို့၊ ညောင်ပင်ထောင်ရပ်ကွက်ရှိ “စိုးမိုးလွင်” ဆန်နှင့် ဓာတ်မြေဩဇာ ဖြန့်ဖြူးရောင်းဝယ်ရေးပိုင်ရှင် ညီအစ်မ ၂ ဦးက ဝယ်ယူခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။
ယင်းကိစ္စနှင့် ပတ်သက်၍ အိမ်ပိုင်ရှင်ဖြစ်သူ ဒေါ်ဝင်းမြသွယ်က လုပ်စရာရှိသည်ကို ဆက်လုပ်ရမည်ဖြစ်ပြီး တော်လှန်ရေးပြီးသည့်တစ်နေ့တွင် ၎င်း၏အိမ်သို့ ပြန်လည်နေထိုင်မည်ဟု ဆိုသည်။
ယင်းနေအိမ်မှာ အောင်ပန်းနွေဦးတော်လှန်ရေး၏ သမိုင်းဝင်အိမ်ဖြစ်ပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် လူထုသပိတ်တိုက်ပွဲအတွင်း ၂၀၂၁ ခုနှစ်၊ မတ်လ ၁၉ ရက်က စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် ကျဆုံးခဲ့ရသူ ၁၁ ဦး၏ သွေးများ စွန်းထင်းခဲ့သည့် နေရာဖြစ်သည်ဟု ၎င်းက ဆိုသည်။
၎င်းဦးဆောင်နေသည့် ရှမ်းတောင်အထူးတပ်ဖွဲ့ (P.3.9702) မှာ ပြီးခဲ့သည့် မေလ ၅ ရက်က ဖွဲ့စည်းမှု ၅ နှစ်ပြည့်ခဲ့ပြီဖြစ်ပြီး တိုက်ပွဲများတွင် ရွတ်ရွတ်ချွံချံ တိုက်ပွဲဝင်နေသည့် တပ်ရင်းဖြစ်ကြောင်း သိရသည်။
ဒေါ်ဝင်းမြသွယ်သည် ယခင် NLD ပါတီအစိုးရလက်ထက်က ကလောမြို့နယ် အမျိုးသမီးလုပ်ငန်းကော်မတီ မြို့နယ်အတွင်းရေးမှူးတာဝန်နှင့် ကလောမြို့နယ် အလုပ်အမှုဆောင် တာဝန်များကို ထမ်းဆောင်ခဲ့သူဖြစ်သည်။
လက်ရှိတွင် မြို့ခံလူထုမှာ အဆိုပါ အိမ်ဝန်းအတွင်းသို့ ကလေးများ ဘောလုံးကျသည်ကိုပင် မကောက်ရဲကြဘဲ အနီးအနားသို့ သွားရောက်ရန်ပါ တတ်နိုင်သမျှ ရှောင်ကြဉ်နေကြကြောင်း သိရသည်။
#MeKongNews
#အောင်ပန်းမြို့
#ဒေါ်ဝင်းမြသွယ်
#နွေဦးတော်လှန်ရေး
#စိုးမိုးလွင်








