မဲခေါင်၊ မေ ၁၅
တအာင်းတပ်ဖွဲ့ – TNLA ခေါင်းဆောင်များ၊ စစ်ကောင်စီနှင့် တရုတ်ကိုယ်စားလှယ်များတို့သည် တရုတ်နိုင်ငံ ကူမင်းမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့သည်ဟု ရှမ်းမြောက် သတင်းရင်းမြစ်များထံမှ သိရသည်။
တရုတ်၏ စီစဉ်မှုဖြင့် TNLA ၊ စစ်ကောင်စီနှင့် တရုတ်ကိုယ်စားလှယ်များသည် မေ ၁၂ ရက်နှင့် ၁၃ ရက်တွင် တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်သည်ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
ထိုသို့ တွေ့ဆုံဆွေးနွေးခဲ့သော်လည်း မည်သည့်အကြောင်းအရာအား ဆွေးနွေးခဲ့သည်ကိုမူ မသိရကြောင်း ၎င်းကပြောသည်။
“၁၂ ရက် နဲ့ ၁၃ ရက်က ကနဦး တွေ့ဆုံတာလို့ သိရတယ်။ နောက်ပြန်တွေ့မယ်ဆိုတဲ့ဟာမျိုး ကြားရပါတယ်။ ကျန်တဲ့ ထူးထူးခြားခြား သဘောတူညီချက်ရတာမျိုးလည်း မကြားရဘူး။ ၁၀၂၇ စစ်ဆင်ရေးပြီးနောက်ပိုင်း ပုံမှန်တွေ့ဆုံမှုလို့ပဲ သိရတယ်။ တွေ့ဆုံမှုမှာ ဘာအကြောင်း ဆွေးနွေးတာလဲဆိုတာကိုတော့ အတိအကျ မသိရပါဘူး”ဟု ရှမ်းမြောက်အရေးကျွမ်းကျင်သူ သတင်းရင်းမြစ်က ပြောသည်။
ယခု တွေ့ဆုံမှုမတိုင်မီတွင် တအာင်းတပ်ဖွဲ့ -TNLA သည် ဖမ်းဆီးရမိထားသည့် အသက်အရွယ်ကြီးရင့်သူနှင့် ကျန်းမာရေး မကောင်းသူအများစုပါဝင်သည့် စစ်ကောင်စီသုံ့ပန်း ၁၀၀ ကျော်ကို လွတ်ပေးခဲ့သေးသည်။
ယခုအကြိမ်တွေ့ဆုံမှုသည် (၁၁) ကြိမ်မြောက် တွေ့ဆုံခြင်းဖြစ်ပြီး တွေ့ဆုံဆွေးနွေးမှုနှင့် ပတ်သက်ပြီး TNLA က ယနေ့အထိ တစ်စုံတရာ သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။
၁၀၂၇ စစ်ဆင်ရေးအတွင်း တအာင်းတပ်ဖွဲ့သည် နောင်ချို၊ သီပေါ၊ ကျောက်မဲ၊ နမ္မတူ၊ နမ့်ဆန်၊ မန်တုံ၊ နမ့်ခမ်း၊ မိုးကုတ်၊ မိုးမိတ်၊ ကွတ်ခိုင်မြို့နယ်တို့ကို သိမ်းပိုက်ရရှိခဲ့သော်လည်း စစ်ကောင်စီ၏ ထိုးစစ်နှင့် တရုတ်ကြားဝင်စွက်ဖက်မှုကြောင့် နောင်ချို၊ သီပေါ၊ ကျောက်မဲ၊ မိုးကုတ်နှင့် မိုးမိတ်မြို့နယ်တို့ကို ပြန်လည် လက်လွတ်ခဲ့ရသည်။
ထို့ပြင် မဟာမိတ်ဖြစ်သည့် ကိုးကန့်တပ်ဖွဲ့က ပြန်လည် တိုက်ခိုက်ခြင်းကြောင့်လည်း ကွတ်ခိုင်မြို့နယ်နှင့် မူဆယ်မြို့နယ်အတွင်းရှိ နယ်မြေများမှ ဆုတ်ခွာပေးခဲ့ရသည်။
#MeKongNews
#TNLA
#စစ်ကောင်စီ
#တရုတ်ကိုယ်စားလှယ်
#ကူမင်း








