မဲခေါင်၊ မေ ၈
ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် ယမန်နေ့ညက မိုးခဏရွာသွန်းရုံဖြင့် ရပ်ကွက်အချို့ရှိ နေအိမ်များအတွင်း ရေဝင်ရောက်ကာ လမ်းများပေါ်၌ ရေလျှံမှုများ ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ယမန်နေ့ မေလ ၇ ရက် ည ၁၁ နာရီဝန်းကျင်တွင် ၁၅ မိနစ်ခန့်သာ မိုးရွာသွန်းခဲ့ခြင်းဖြစ်သော်လည်း အနိမ့်ပိုင်း ရပ်ကွက်များတွင် ရေကြီးရေဝင်မှုများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။
“မိုးခဏလေးရွာတာတောင် ဆိုင်ထဲ ရေဝင်လာတယ်။ အခုက မိုးတွင်းတောင် မဟုတ်သေးဘူး။ တကယ့်မိုးတွင်းဆိုရင်တော့ မလွယ်လောက်ဘူး” ဟု ပုန်းထွန်ရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ပြောသည်။
အနိမ့်ပိုင်း ရပ်ကွက်များဖြစ်သည့် ပုန်းထွန်ရပ်ကွက်နှင့် အခါဈေးရှိ နေအိမ်၊ ဆိုင်ခန်းအချို့ ရေဝင်ရောက်ခဲ့သလို၊ ပါလျံရပ်ကွက်ရှိ လမ်းများပေါ်တွင်လည်း ရေလျှံခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် မေလ ၄ ရက်က တာချီလိတ်မြို့၌ ရေကြီးရေလျှံမှု ကာကွယ်ရေးနှင့် မြို့တွင်း ရေစီးရေလာ ကောင်းမွန်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတစ်ရပ် ကျင်းပခဲ့သည်။ ယင်းအစည်းအဝေးတွင် နမ့်ယွန်းချောင်း၊ မဲခေါင်ချောင်း၊ နိုင်းနိုင်းချောင်း၊ (၁၂) လမ်းချောင်းတို့၌ နုန်း၊ သဲနှင့် အမှိုက်များ ဆယ်ယူရန်နှင့် ပုန်းထွန်ရပ်ကွက်ရှိ ပင်မရေထွက်မြောင်းများကို ရှင်းလင်းရန် ဆွေးနွေးခဲ့ကြသော်လည်း လက်တွေ့တွင် ရေကြီးမှုဒဏ်ကို ခံစားနေရဆဲဖြစ်သည်။
ယခုနှစ်အတွင်း ဧပြီ ၁၈ ရက်နှင့် ဧပြီ ၂၇ ရက်တို့တွင်လည်း လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြိုးပစ်ခြင်းနှင့်အတူ ရပ်ကွက်အချို့ ရေဝင်ရောက်သည့် ဖြစ်စဉ်များ ရှိခဲ့သည်။
ယမန်နှစ် ၂၀၂၅ ခုနှစ် မိုးရာသီအတွင်းက တာချီလိတ်မြို့တွင် ရေကြီးရေလျှံမှု ၂၇ ကြိမ်အထိ ဖြစ်ပွားခဲ့ပြီး ယင်းဖြစ်စဉ်များအတွင်း လူ ၂ ဦး သေဆုံးခဲ့ရကြောင်း မဲခေါင်သတင်းဌာန၏ မှတ်တမ်းများအရ သိရသည်။
#MeKongNews
#တာချီလိတ်
#မိုးရွာသွန်း
#ရေကြီးရေလျှံ
#မဲခေါင်မြစ်








