မဲခေါင်၊ မေ ၂
ရှမ်းပြည်တောင်ပိုင်း၊ လွိုင်လင်မြို့နယ် သစ်တောဌာနတွင် တာဝန်ကျနေသည့် တောအုပ်ကြီး ဦးဇော်မင်းအောင်သည် ၎င်း၏ တာဝန်ကျရာဒေသသို့ သွားရောက်ခြင်းမရှိဘဲ နမ့်စန်မြို့တွင် သစ်ကုန်သည်များနှင့်ပေါင်းကာ သစ်မှောင်ခိုလုပ်ငန်းများတွင် ပါဝင်ပတ်သက်နေကြောင်း ဒေသခံများထံမှ သိရသည်။
၎င်းသည် နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် နေထိုင်သူဖြစ်ပြီး လွိုင်လင်မြို့နယ် သစ်တောရုံးတွင် တွဲဘက်တာဝန် ထမ်းဆောင်ရသည့် ဝန်ထမ်းတစ်ဦး ဖြစ်သော်လည်း လွိုင်လင်မြို့သို့ သွားရောက်တာဝန်ထမ်းဆောင်ခြင်း မရှိဘဲ နမ့်စန်မြို့တွင်သာ နမ့်စန်မြို့မှ လွိုင်လင်နှင့် ပင်လုံမြို့များသို့ ပို့ဆောင်သည့် တရားမဝင် မှောင်ခိုသစ်များကို အဖမ်းအဆီးမရှိစေရန် အခကြေးငွေများ ကောက်ခံကာ ချိတ်ဆက်ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း ဒေသခံ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
“သူက သစ်တင်တဲ့ ဆင်ကားတွေပါမကျန် ငွေတောင်း တော်တော်ကြမ်းနေတာ။ သူတာဝန်ကျတဲ့ နေရာလည်းမဟုတ်ဘဲနဲ့ နမ့်စမ်တစ်မြို့လုံးပတ်ပြီး သစ်သမားတွေထဲက ငွေတောင်းနေတာ” ဟု ၎င်းက မဲခေါင်သို့ ပြောသည်။
ဦးဇော်မင်းအောင်သည် ထိုသို့ လုပ်ဆောင်ရာ၌ ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး၏ လူယုံအဖြစ် လုပ်ဆောင်ခြင်းဖြစ်ကြောင်း၊ အခြားသို့ မပြောင်းရွှေ့ရစေရန်အတွက် အဆင့်ဆင့်လာဘ်ထိုးပြီး လုပ်ကိုင်နေကြောင်း ဒေသခံများက ပြောသည်။
#MeKongNews
#လွိုင်လင်
#တောအုပ်ကြီး
#နမ့်စန်
#သစ်မှောင်ခို








