မဲခေါင်၊ ဧပြီ ၂၇
ကိုးကန့်တပ်ဖွဲ့ – MNDAA က ၎င်းတို့၏ ထိန်းချုပ်နယ်မြေအတွင်း ပညာရေးနှင့် လူ့စွမ်းအားအရင်း အမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် တက္ကသိုလ်နှင့် ကောလိပ်အသစ်များ ဖွင့်လှစ်မည်ဟု ယနေ့တွင် သတင်းထုတ်ပြန်သည်။
အထူးဒေသ (၁) ၏ ပညာရေးကဏ္ဍကို အဆင့်မြှင့်တင်ရန်နှင့် ဒေသတွင်း လူငယ်များအတွက် အဆင့်မြင့်ပညာ သင်ယူခွင့် အခွင့်အလမ်းများ ပိုမိုရရှိစေရန် ရည်ရွယ်၍ တက္ကသိုလ်၊ ကောလိပ်နှင့် ကျောင်းအသစ်များကို မကြာမီ စတင်ဖွင့်လှစ်မည်ဟု ထုတ်ပြန်ချက်တွင် ဆိုသည်။
MNDAA က အသစ်ဖွင့်လှစ်မည့် တက္ကသိုလ်၊ ကောလိပ်နှင့် ကျောင်းအသစ်များမှာ ဆေးပညာ၊ သူနာပြုနှင့် ကျန်းမာရေးသိပ္ပံ တက္ကသိုလ်၊ ပညာရေးကောလိပ်၊ ကွန်ပျူတာတက္ကသိုလ်နှင့် နည်းပညာအထက်တန်းကျောင်းတို့ ဖြစ်သည်။
ယခုဖွင့်လှစ်မည့် ပညာရေးအဆောက်အအုံများသည် ဒေသ၏ အနာဂတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသော မဏ္ဍိုင်များ ဖြစ်လာမည်ဟုလည်း MNDAA က ဆိုသည်။
MNDAA သည် ၎င်းတို့ ဒေသအတွင်း အဆင့်မြင်ပညာရေးများကို ဖွင့်လှစ်သင်ကြားပေးမည်ဟု ကြေညာလာသော်လည်း မြေပြင်တွင်မူ တအာင်းကျေးရွာများတွင် တအာင်းပြည်ပညာရေးကောင်စီ -TLEC က ဖွင့်လှစ်ထားသည့် ကျောင်းပေါင်း ၃၀၀ ကျော်ကို ပိတ်ပစ်ခြင်း၊ ကွတ်ခိုင်စာသင်ကျောင်းများတွင် တရုတ်စာမဖြစ်မနေ သင်ယူခိုင်းခြင်းများကြောင့်လည်း ဝေဖန်မှုခံနေရသည်။
#MeKongNews
#တက္ကသိုလ်
#ကောလိပ်အသစ်
#MNDAA
#ဖွင့်လှစ်








