မဲခေါင်၊ ဧပြီ ၂၄
ဦးမင်းအောင်လှိုင် ဦးဆောင်သည့် အစိုးရအဖွဲ့ကို ကြိုဆိုကြောင်း ကိုးကန့်တပ်ဖွဲ့က သဝဏ်လွှာပေးပို့သည်ဟု သတင်းအမှားဖြန့်ဝေသည့် လူမှုကွန်ရက်စာမျက်နှာအတုများကို သတိပြုရန် ကိုးကန့်တပ်ဖွဲ့ – MNDAA က အသိပေးထုတ်ပြန်သည်။
ယင်းပေ့ချ်အတုများသည် ဖော်လိုဝါအရေအတွက် ၂၀ ဝန်းကျင်ခန့်သာ ရှိပြီး MNDAA ၏ အမည်ကို အသုံးပြုကာ လိမ်လည်ဖန်တီးထားသော စာရွက်စာတမ်းတုများကို ရည်ရွယ်ချက်ရှိရှိ လုပ်ကြံဖန်တီး ဖြန့်ဝေနေခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြသည်။
ဦးမင်းအောင်လှိုင် ဦးဆောင်သည့် အစိုးရအဖွဲ့အား ကြိုဆိုကြောင်း MNDAA က သဝဏ်လွှာပေးပို့သည်ဟု တရုတ်အမည်ဖြင့် ပေ့ချ်များက သတင်းအမှားများ ဖြန့်ဝေပြီးနောက် MNDAA က ယခုကဲ့သို့ ဖြေရှင်းချက် ထုတ်ပြန်လာခြင်း ဖြစ်သည်။
“လတ်တလော လူမှုကွန်ရက်စာမျက်နှာများတွင် “The Kokang” နှင့် တရုတ်ဘာသာဖြင့် “果敢资讯网” ဟူသော အမည်နှင့် လိုဂိုများကို တရားမဝင် ရယူအသုံးပြု၍ သတင်းအမှားများနှင့် ကြေညာချက်အတုများ ဖြန့်ဝေနေသော Facebook Page အတုများကို တွေ့ရှိရပါသည်။ ယခုကဲ့သို့ အမည်နှင့် လိုဂိုကို အလွဲသုံးစားပြုလုပ်၍ ပြည်သူလူထု ထင်ယောင်ထင်မှားဖြစ်စေရန် သတင်းတု၊ သတင်းမှားများ ဖြန့်ဝေနေမှုအပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချပါသည်” ဟု MNDAA ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ထို့ကြောင့် လူမှုကွန်ရက် စာမျက်နှာအတုများမှ ဖြန့်ဝေသည့် သတင်းအမှားများကို ယုံကြည်ခြင်း၊ ပြန်လည်မျှဝေခြင်းများ မပြုလုပ်ကြရန် ကိုးကန့် MNDAA က ဆိုသည်။
MNDAA သည် ယခင်တွင် စစ်ကောင်စီတပ်နှင့် တိုက်ခိုက်ခဲ့သော်လည်း ၁၀၂၇ စစ်ဆင်ရေးအပြီး တရုတ်၏ ကြားဝင်မှုဖြင့် စစ်ကောင်စီနှင့် အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးကာ စစ်ကောင်စီနှင့်လည်း ပုံမှန်တွေ့ဆုံနေသည့်အဖွဲ့ ဖြစ်သည်။
#MeKongNews
#ဦးမင်းအောင်လှိုင်
#ကြိုဆို
#သတင်းအမှား
#လူမှုကွန်ရက်
#MNDAA








