မဲခေါင်၊ ဧပြီ ၂၂
ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့နယ်၊ အီနိုင်းကျေး ရွာအနီးတွင် ဒေသခံများနှင့် ခရီးသွား လူငယ် ၇၀ ကျော်ကို ကိုးကန့်တပ်ဖွဲ့ – MNDAA က ဖမ်းဆီးသွားသည်ဟု ဒေသခံ သတင်းရင်းမြစ်များထံမှ သိရသည်။
ယမန်နေ့ ဧပြီ ၂၁ ရက် မနက် ၉ နာရီမှ နေ့လယ် ၁ နာရီအထိ လားရှိုး – နမ္မတူလမ်းပေါ်တွင် MNDAA က ရှောင်တခင် စစ်ဆေးမှုပြုလုပ်ပြီး မူးယစ်ဆေးဝါး သုံးစွဲထားသည်ဟုဆိုကာ လူငယ် ၇၀ ကျော်ကို ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်ကြောင်း သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
ယင်းစစ်ဆေးမှုအတွင်း ဖမ်းဆီးခံရသည့် ပြည်သူများမှာ လားရှိုး – နမ္မတူကြားရှိ ၁၀ မိုင်ကုန်းဒေသခံများ၊ အီးနိုင်းကျေးရွာ ဒေသခံများနှင့် တောင်တလောင်ကျေားရွာ ဒေသခံများ အများဆုံးပါဝင်ပြီး အခြားဒေသမှ ခရီးသွား အမျိုးသား အမျိုးသမီးများလည်း ပါဝင်သည်ဟု ကိုယ်တိုင်မြင်တွေ့ခဲ့သူ ဒေသခံ သတင်းရင်းမြစ် အမျိုးသမီးတစ်ဦးက ပြောသည်။
“သူတို့က ဒေသခံရော လမ်းသွားသူရော အကုန်ဖမ်းတာပါ။ ပြောတာကတော့ ဆေးသုံးတာကို စစ်တာတဲ့။ အသက်ကြီးတဲ့လူကို ပြန်လွှတ်တယ်။ အသက်အရွယ် ကောင်းတွေဆို ခေါ်သွားတာ”ဟု ယင်းအမျိုးသမီးက ပြောသည်။
MNDAA က ဖမ်းဆီးသွားသည့် ဒေသခံများတွင် တောင်တလောင်ရွာသည် တအာင်းကျေးရွာဖြစ်ပြီး ကျန်သည့် ကျေးရွာများသည် ရှမ်းကျေးရွာဖြစ်သဖြင့် အဖမ်းခံရသူ အများစုသည်လည်း ရှမ်းတိုင်းရင်းသားများ ဖြစ်ကြောင်း ၎င်က ပြောသည်။
“ဖမ်းပြီးတော့ နေ့ချင်း သိန္နီဖက်ကို ခေါ်သွားတယ်။ မိသားစုတွေကိုတောင် ကိုးကန့်တပ်က တွေ့ခွင့်မပြုဘူး”ဟု အဖမ်းခံရသူတဦး၏ မိခင်က ပြောသည်။
အီနိုင်းကျေးရွာကို MNDAA ထိန်းချုပ်ပြီးသည့်နောက် ဒေသတွင်းတွင် မူးယစ်ဆေးဝါးများ ပေါများလာခဲ့ပြီး ယခုကဲ့သို့ ဖမ်းဆီးသွားသည့်သူများအား စစ်မှုထမ်းခိုင်းမည်ကို မိသားစုဝင်များက စိုးရိမ်နေကြသည်။
“အဖမ်းခံရတဲ့ သူတွေထဲမှာ မူးယစ်ဆေးဝါး မသုံးတဲ့သူတွေလည်း အများကြီး ပါသွားတယ်၊ တချို့နာမည်ထွက်နေတဲ့ သူတွေကျ အသက်ကြီးနေတော့ မဖမ်းသွားဘူး။ အရွယ်ကောင်းတွေပဲ ခေါ်သွားတော့ တဖက်လှည့်နဲ့ စစ်သားထဲ ထည့်လိုက်မှာကို ကြောက်တယ်ရှင့်”ဟု ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။
ထို့ပြင် လားရှိုး – သီပေါလမ်းပေါ်ရှိ မယ်ဟန်၊ ခေးနင်း ကျေးရွာဘက်တွင်လည်း MNDAA က ဒေသခံအချို့ကို မူးယစ်ဆေးဝါး သုံးသည်ဟုဆိုကာ ဖမ်းဆီးသွားသည်ဟုလည်း လားရှိုးသတင်းရင်းမြစ်က ပြောသည်။
“မယ်ဟန်ရော ခေနင်းရော ရှန်ခိုက်သွားတဲ့လမ်းဘက်မှာရောပဲ ဖမ်းတယ်။ ဒါပေမယ့် အဲ့မှာက အလုံးအရင်းနဲ့ ဖမ်းသွားတာ မဟုတ်ဘူး၊ ဘယ်သူက ဆေးသုံးတယ်ဆိုပြီးတော့ ဆီးစစ်ပြီး ဖမ်းတာ၊တကယ်တမ်းက ရောင်းတာလည်း သူတို့နဲ့ မကင်းရာ မကင်းကြောင်းတွေပဲ သူတို့လူပဲ ရောင်းပြီးတော့ သူတို့ပဲ ပြန်ဖမ်းတာ။ ဖမ်းသွားရင်လည်း ဘိန်းဖြတ်ပေးတာ မဟုတ်ဘဲ တခါတည်း စစ်မှုထမ်းခိုင်းတာ”ဟု ၎င်းသတင်းရင်းမြစ်က ပြောသည်။
MNDAA သည် ၁၀၂၇ စစ်ဆင်ရေး ပြီးသည့်နောက်ပိုင်း ၎င်းထိန်းချုပ် နယ်မြေအတွင်း ကိုးကန့်မဟုတ်သည့် အခြားလူမျိုးများကိုပါ နည်းမျိုးစုံဖြင့် စစ်မှုထမ်းရန် လုပ်ဆောင်နေပြီး သားသမီး ထွက်ပြေးပါက မိဘများကို ဖမ်းဆီးထားခြင်းများလည်း ပြုလုပ်ကြသည်။
#MeKongNews
#လားရှိုး
#ဒေသခံ
#ခရီးသွားလူငယ်
#MNDAA








