မဲခေါင်၊ ဧပြီ ၂၂
ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်ရှိ ခေါခူလီကျေးရွာတွင် မိုးကြီးပြီး လေပြင်း တိုက်ခတ်မှုကြောင့် လူနေအိမ် တစ်ဒါဇင်ကျော်၏ အမိုးများ ပျက်စီးသွားကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။
ယမန်နေ့ ဧပြီ ၂၁ ရက် နေ့လယ် ၂ နာရီကျော်အချိန်တွင် မိုးကြီး လေပြင်းတိုက်ခတ်မှု ဖြစ်ပွားခဲ့ပြီး ဒေါခူလီကျေးရွာတွင် လူနေအိမ် ၁၀ လုံး၊ လောပလျာလဲကျေးရွာတွင် လူနေအိမ် ၃ လုံး ပျက်စီးခဲ့ကြောင်း သိရသည်။
“၂ နာရီ ၄၅ မိနစ်လောက်မှာ လေပြင်းတိုက်လာတာပါ၊ မိုးကတော့ နည်းနည်းပဲ ရွာခဲ့ပါတယ်။ လူထိခိုက်မှုတော့မရှိဘူး ” ဟု ဒေသခံတစ်ဦးက မဲခေါင်သို့ ပြောသည်။
ယင်းကျေးရွာများတွင် စစ်ဘေးရှောင်အချို့နေအိမ်လည်းပါဝင်နေပြီး ယခုတွင် အမိုးအကာများ အရေးပေါ် လိုအပ်နေကြောင်းလည်း ဒေသခံများက ဆိုသည်။
ထိုကဲ့သို့ လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးသွားသော လူနေအိမ်များအတွက် ပြုပြင်ရေးလုပ်ငန်းများ ချက်ချင်း ဆောင်ရွက်နိုင်ရန် ဒေသခံများအနေဖြင့် အခက်အခဲများ ကြုံတွေ့နေရကြောင်း သိရသည်။
အထူးသဖြင့် စစ်ဘေးရှောင်များမှာ အခြေခံအဆောက်အအုံများ မပြည့်စုံသေးသည့်အပြင် အမိုးအကာများ ပျက်စီးသွားခြင်းကြောင့် နေထိုင်ရေး ပိုမိုခက်ခဲလာကြောင်း ဒေသခံများက ပြောကြားကြသည်။
ထို့ပြင် ရာသီဥတု မတည်ငြိမ်မှုများ ဆက်လက် ဖြစ်ပေါ်နိုင်ကြောင်း ခန့်မှန်းထားသဖြင့် ဒေသခံများအနေဖြင့် လုံခြုံရေးနှင့် ကာကွယ်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများ လိုအပ်နေကြောင်းလည်း ဆိုသည်။
#MeKongNews
#ဖရူဆို
#လေပြင်းတိုက်ခတ်
#လူနေအိမ်
#အမိုးပျက်စီး








