မဲခေါင်၊ ဧပြီ ၁၈
ကိုးကန့်တပ်ဖွဲ – MNDAA က ဟန်တရုတ်လူမျိုးများကို ကွတ်ခိုင်မြို့နယ် အုပ်ချုပ်ရေးတွင် အများဆုံး ထည့်သွင်း အသုံးပြုနေသလို ဒေသခံတိုင်းရင်းသားအဖြစ် ပုံဖော်ကာ သတင်းထုတ်ပြန်ခြင်းများ ပြုလုပ်ခဲ့ပြီးနောက် လက်ရှိတွင် တအာင်းကျေးရွာဆိုင်းဘုတ်များကို တရုတ်စာဖြင့်ပါ အစားထိုး ရေးသားခြင်းများ ပြုလုပ်လာကြောင်း ဒေသခံ သတင်းရင်းမြစ်များထံမှ သိရသည်။
လက်ရှိတွင် ရှမ်းပြည်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ ကာလိုင်ကျေးရွာအုပ်စုနှင့် ဟိုနောင်ကျေးရွာ အုပ်စုရှိ တအာင်းတိုင်းရင်းသားကျေးရွာများ၏ ဆိုင်းဘုတ်များကို MNDAA က ဖျက်ဆီးပြီး တရုတ်စာဖြင့် အစားထိုးပြောင်းလဲ ရေးသားနေသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။
“ကာလိုင်အုပ်စုထဲက ပန်ဆေးကျေးရွာနဲ့ ဟိုနောင်အုပ်စုက ဟိုဆောင်ရွာ ပန်လော့ရွာဆို တအာင်းစာတွေ တအာင်းအလံတွေကို အကုန်ဖျက်ပြီး ကိုးကန့်တွေက တရုတ်စာနဲ့ ရေးလိုက်ပြီ။ ကျန်တဲ့ ကျေးရွာတွေကို သူတို့အကုန်လုံး လိုက်ဖျက်ဆီးနေတယ်။ တရုတ်စာတွေနဲ့ လိုက်ရေးနေတယ်”ဟု ဒေသခံသတင်းရင်းမြစ်တစ်ဦးက ပြောသည်။
MNDAA ၏ ယခုလုပ်ရပ်သည် ဒေသခံ တအာင်းတိုင်းရင်းသားများ၏ စာပေယဉ်ကျေးမှုကို တိုင်းရင်းသား မဟုတ်သည့် တရုတ်ယဉ်ကျေးမှုဖြင့် လွှမ်းမိုးဖျက်ဆီးသည့် လုပ်ရပ်ဖြစ်ကြောင်း ရှမ်းမြောက်အရေး ကျွမ်းကျင်သူတစ်ဦးက ပြောသည်။
“တအာင်းက မွန်ခမာနွယ်ဝင်ပါ။ မြန်မာနိုင်ငံရဲ့ တိုင်းရင်းသားပါ၊ တရုတ်လူမျိုး မဟုတ်ပါဘူး။ အခုက လူမျိုးတစ်မျိုးရဲ့ အသက် သွေးကြောဖြစ်တဲ့ စာပေ၊ ယဉ်ကျေးမှုကို ဖျက်ဆီးပြီး တရုတ်စာပေယဉ်ကျေးမှုနဲ့ အစားထိုးတယ်ဆိုတာက ကွတ်ခိုင်နယ်မှာ တအာင်းလူမျိုး ပပျောက်ရေး ကိုးကန့်တရုတ်က လုပ်နေတယ်လို့ မြင်ပါတယ်”ဟု ၎င်းက သုံးသပ်သည်။
MNDAA သည် ကွတ်ခိုင်မြို့နယ် အုပ်ချုပ်ရေးတွင်လည်း တရုတ်ရပ်ကွက်၊ တရုတ်ကျေးရွာ မဟုတ်သည့် နေရာများကို တရုတ်အုပ်ချုပ်ရေးမှူးများကို ခန့်အပ်ခဲ့သည့်အပြင် ဟန်တရုတ်လူမျိုး၊ ရှမ်း၊ ကချင်၊ တအာင်းတို့သည် ကွတ်ခိုင်မြို့နယ်တွင် အတူနေထိုင်သည့် ဒေသခံတိုင်းရင်းသားများဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။
ကွတ်ခိုင်မြို့နယ်ကို MNDAA က TNLA ထံမှ တိုက်ခိုက် သိမ်းယူပြီးသည့်နောက် တအာင်းစာပေများ တအာင်းအလံများစသည့် တအာင်းလူမျိုးနှင့် ပတ်သက်သည့် ယဉ်ကျေးမှုများကို ဖျက်ဆီးကာ တရုတ်ယဉ်ကျေးမှုနှင့် အစားထိုးရန် လုပ်ဆောင်လျှက်ရှိသည်ဟုလည်း ရှမ်းမြောက်အရေးကျွမ်းကျင်သူ သတင်းရင်းမြစ်က ပြောသည်။
“တရုတ်ဇာတ် သွင်းတယ်လို့ ပြောရမှာပေါ့။ အခုလည်း တအာင်းနဲ့ ပတ်သက်တဲ့ ယဉ်ကျေးမှုတွေကို ပိတ်ပင်ပြီး တရုတ်စာတွေကို မသင်မနေရ စလုပ်နေပြီလေ”ဟု ၎င်းက ပြောသည်။
ပြီးခဲ့သည့် ဧပြီ ၄ ရက်တွင်လည်း ကွတ်ခိုင်မြို့နယ်အတွင်းရှိ မန်ဘတ်၊ မန်နောင်၊ မန်တုံ၊ မန်ထန်၊ ဟွေခုတ်၊ ဟိုကျန့်၊ တုံဆင်လေး၊ တုံဆင်ကြီး၊ ဟိုနောင်၊ နမ့်လတ်၊ ကုန်ချမ်း၊ လွယ်ကန်၊ လုံကိန်၊ မန်မောဝ်၊ ပန်ကူ၊ နောင်ခွန် စသည့်ကျေးရွာများ၏ ရွာအဝင်ဆိုင်းဘုတ်များတွင် ရေးထားသည့် တအာင်းစာများကို MNDAA တပ်သားများကိုယ်တိုင် လာရောက် ဖျက်ဆီးသွားသည်ဟု ဒေသခံသတင်းရင်းမြစ်များက ပြောသည်။
ယင်းမတိုင်မီ ပြီးခဲ့သည့် မတ် ၂၂ ရက်နှင့် ၂၃ ရက်တွင် MNDAA က ကွတ်ခိုင်မြို့နယ်အတွင်းရှိ ကျေးရွာများ၌ လူထုတွေ့ဆုံပွဲ ပြုလုပ်ကာ မည်သည့် ခွဲခြားမှုကိုမှ ပြုလုပ်မည် မဟုတ်ဘဲ တိုင်းရင်း သားစာပေများကို လွတ်လပ်စွာ သင်ကြားနိုင်သည်ဟု အာမခံကြောင်း သတင်းထုတ်ပြန်ခဲ့သည်။
ထိုသို့ သတင်းထုတ်ပြန်ခဲ့သော်လည်း မြေပြင်တွင်မူ ဆက်တိုက်ဆိုသကဲ့သို့ တအာင်းစာပေနှင့် ယဉ်ကျေးမှု အမှတ် အသားများကို ဆက်လက်ဖျက်ဆီးနေဆဲဖြစ်သည်။
ယခင်တွင် ကွတ်ခိုင်မြိုနယ်အတွင်းရှိ ကျေးရွာဆိုင်းဘုတ်များကို သက်ဆိုင်ရာ လူမျိုးစုများက ၎င်းတို့၏ ရှမ်းစာ၊ ကချင်စာ၊ တအာင်းစာ၊ မြန်မာစာများဖြင့် ရေးသားခဲ့ခြင်းများ ရှိခဲ့ပြီး ယခု ကိုးကန့်တရုတ်များက မြန်မာပြည်ရှိ တိုင်းရင်းသားဘာသာ မဟုတ်သည့် တရုတ်စာများ အတင်းအကျပ် သုံးစွဲစေခြင်းမှာ တရုတ်ကိုလိုနီ ပြုခံရခြင်းဟု နိုင်ငံရေးလေ့လာသူများက ဝေဖန်နေကြသည်။
#MeKongNews
#ဟန်တရုတ်
#ဒေသခံတိုင်းရင်းသား
#MNDAA
#တရုတ်စာ
#အစားထိုး








