မဲခေါင်၊ မတ် ၃၀
ရှမ်းပြည်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ ဟိုနားကျေးရွာတွင် ကိုးကန့်တပ် – MNDAA တပ်ဖွဲ့ဝင်များက ဒေသခံ ပြည်သူတစ်ဦး၏ နေအိမ်ကို ဓားပြတိုက်ကာ ရွှေနှင့် ငွေများ ယူဆောင်သွားသည်ဟု စုံစမ်းသိရှိရသည်။
ပြီးခဲ့သည့် မတ် ၁၇ ရက်တွင် တက္ကနိုင်းကျေးရွာ အုပ်စု၊ ဟိုနားကျေးရွာကို ရောက်ရှိလာသော MNDAA တပ်ဖွဲ့ဝင်များသည် ဒေသခံတဦး၏ နေအိမ်ကို ဝင်ရောက်မွှေနှောက်ပြီး ဓားပြတိုက်သွားခြင်း ဖြစ်သည်။
ယင်းဓားပြတိုက်မှုအတွင်း အိမ်ရှင် စုဆောင်းထားသည့် ရွှေဆွဲကြိုး ၂ ကုံး၊ တရုတ်ငွေ ၄၇၀၀ ယွမ် နှင့် မြန်မာငွေ ၄ သိန်းကျပ်ကို ကိုးကန့်တပ်ဖွဲ့က ယူဆောင်သွားကာ အသက်မသေချင်ပါက နှုတ်ပိတ်နေရန် အိမ်ရှင်ကို ခြိမ်းခြောက်သွားခဲ့သည်ဟု သတင်းရင်းမြစ်များထံမှ စုံစမ်း သိရှိရသည်။
”အိမ်ရှင်ကို သေနတ်နဲ့ ချိန်ထားပြီးတော့မှ ရွှေနဲ့ငွေထားတဲ့ နေရာကို အတင်းအဓမ္မ ပြခိုင်းပြီး ရွှေရော ငွေရော အကုန်ယူသွားတယ်။ မသေချင်ရင် နှုတ်ပိတ်နေဖို့လည်း အိမ်ရှင်ကို ခြိမ်းခြောက်းထားတယ်။ အိမ်ရှင်က ကြောက်လို့ မတိုင်ရဲဘူး။ အခုထိလည်း သူတို့လူကြီးတွေက ပြန်အရေးယူတာလည်း မကြားရသေးဘူး”ဟု ဖြစ်စဉ်ကို သိရှိသူတစ်ဦးကပြောသည်။
ကွတ်ခိုင်မြို့ကို သိမ်းပိုက်ပြီးနောက် ကျေးရွာများဘက်တွင်ပါ နယ်မြေစိုးမိုးမှု လုပ်ဆောင်လာသည့် MNDAA သည် လက်ရှိတွင် ဓားပြတိုက်မှုကိုပါ ကျူးလွန်လာခြင်းဖြစ်သည်။
ထို့lဓားပြတိုက်မှုတွင် ပါဝင်သည့် တပ်ဖွဲ့ဝင်များကိုလည်း MNDAA က လက်ရှိအချိန်ထိ အရေးယူခြင်း မရှိသေးကြောင်းလည်း သတင်းရင်းမြစ်များထံမှ သိရသည်။
“သူတို့လုပ်ရပ်က အင်မတန်မှ အောက်တန်းကျတယ်။ ဟိုရှေးခေတ်က ဂျပန်လက်ထက်က သူပုန်တွေလို့တောင် ထင်ရတယ်။ ဇာတ်ကားကြည့်ရတာထက်ကို ပိုဆိုးတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
ဓားပြတိုက်သူများမှာ ကိုးကန့်တပ်ဖွဲ့ဝင်များဖြစ်သနေ၍လည်း အိမ်ရှင်က MNDAA လူကြီးများကို မတိုင်ကြားရဲကြောင်း ၎င်းသတင်းရင်းမြစ်က ဆက်ပြောသည်။
“ခြိမ်းခြောက်ခံထားရတော့ အိမ်ရှင်က ကြောက်နေတာ။ သူတို့လုပ်ပုံက တကယ်မတရားဘူး။ အိမ်ရှင်ကတော့ ပစ္စည်းလေးတွေကို ပြန်ရချင်တာပေါ့” ဟု ၎င်းက ဆက်ပြောသည်။
MNDAA သည် တအာင်းတပ်ဖွဲ့ – TNLA ထိန်းချုပ်ခဲ့သည့် ကွတ်ခိုင်မြို့ကို ထိုးစစ်ဆင် တိုက်ခိုက်မှုအတွင်းတွင်လည်း အရပ်သား ၉ ဦးထက်မနည်းကို သတ်ဖြတ်ခဲ့သည်။
ပြီးခဲ့သည့် မတ် ၂၂ ရက်တွင်လည်း တာမိုးညဲ၊ မုံးစီး၊ တက္ကနိုင်း စသည့် ကျေးရွာများရှိ လူထုကို တစ်ရွာ၂ ဦးနှုန်းဖြင့် စစ်မှုထမ်းရန် MNDAA က ယူနီဖောင်းများ ထုတ်ပေးခဲ့သည်။
#MeKongNews
#ကွတ်ခိုင်တွင်
#MNDAA
#ဒေသခံနေအိမ်
#ဓားပြတိုက်








