မဲခေါင်၊ မတ် ၁၉
ရှမ်းပြည်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ မန်ပြိန်းကျေးရွာကော်မတီဝင် ရွာလူကြီးတစ်ဦးကို ကိုးကန့်တပ်ဖွဲ့-MNDAA က ပစ်သတ်လိုက်ကြောင်း ဖြစ်စဉ်ကို သိရှိသည့် ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။
မတ်လ ၁၇ ရက်နေ့တွင် ယင်းဖြစ်စဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ရွာလူကြီးကို ပစ်သတ်ပြီးနောက် အပြင်ဘက်သို့ သတင်းမပြန့်စေရန်လည်း ဒေသခံများအား ရေနှုံနှုတ်ပိတ်နေကြရန် ကိုးကန့်တပ်ဖွဲ့-MNDAAက ဖိအားပေးခဲ့သည်ဟု သတင်းရင်းမြစ်တစ်ဦးကပြောသည်။
“ပစ်သတ်ခံရတာက ၁၇ ရက်နေ့ နေ့လည် ၂နာရီနဲ့ ၃နာရီကြားမှာပါ။ သတင်းမပြန့်ဖို့ ဒေသခံတွေကို ရွာပြင်ထွက်ခွင့်မပေးသလို ရေငုံနှုတ်ပိတ်နေကြဖို့ကိုလည်း ကိုးကန့်တပ်က ဒေသခံတွေကို ဖိအားပေးထားပါတယ်”ဟု ၎င်းကပြောသည်။
ကိုးကန့်တပ်ဖွဲ့က ပစ်သတ်လိုက်သည့် မန်ပြိန်းရွာခံမှာ အသက် ၃၇ နှစ်အရွယ်ရှိ ဦးနိုင်ကိန်ဆိုသူဖြစ်ပြီး ကိုးကန့်တပ်ဖွဲ့က ကွတ်ခိုင်ဗျူဟာကုန်းကို သိမ်းပိုက်ပြီးနောက် မန်ပြိန်းရွာထဲ ဝင်ရောက်လာစဉ် ကျေးရွာကော်မတီဝင်ဖြစ်သည့် ဦးနိုင်ကိန်ကို ဖမ်းဆီးကာ ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်များက ပြောသည်။
ကွတ်ခိုင်မြို့ကို ကိုးကန့်တပ်ဖွဲ့-MNDAAက ထိုးစစ်ဆင်စဉ် ကျေးရွာဖက်တွင်လည်း ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် ဒေသခံများ၏ နေအိမ်အပါအဝင် ဘုန်းကြီးကျောင်း ၂ ကျောင်းထက်မနည်းလည်း ပျက်စီးခဲ့ရသည်။
မတ်လ ၁၄ ရက်နေ့မှ စပြီး ကွတ်ခိုင်မြို့အပါအဝင် နမ့်ဖက်ကာ၊ မူဆယ် ၁၀၅ မိုင်စသည်တို့တွင်ရှိသည့် တအာင်းတပ်ဖွဲ့-TNLA တပ်စခန်းကို ကိုးကန့်တပ်ဖွဲ့-MNDAAက ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်ထားသည်။
လက်ရှိတွင် နှစ်ဖက်တပ်ဖွဲ့ အပစ်ခတ်ရပ်စဲနိုင်ရေး ကိုးကန့်တပ်ဖွဲ့-MNDAA ဌာနချုပ် လောက်ကိုင်တွင် နှစ်ဖက်ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးနေသည်။
#MeKongNews
#ကွတ်ခိုင်
#မန်ပြိန်းရွာ
#MNDAA
#ရွာလူကြီး








