မဲခေါင်၊ မတ် ၁၇
အီရန်၏ ဩဇာအရှိဆုံး ပုဂ္ဂိုလ်တစ်ဦးဖြစ်သူ အမျိုးသားလုံခြုံရေးကောင်စီ အတွင်းရေးမှူး အလီဂျာရီလာနီကို ယမန်နေ့ည တိုက်ခိုက်မှုတွင် ရှင်းလင်းသုတ်သင်လိုက်ပြီ ဖြစ်ကြောင်း အစ္စရေးကာကွယ်ရေးဝန်ကြီး အစ္စရေးကတ်စ်က ယနေ့တွင် ကြေညာလိုက်သည်။
“အီရန်နိုင်ငံအတွင်းရှိ အကြမ်းဖက်မှုနှင့် ဖိနှိပ်မှုများပြုလုပ်နေသော အုပ်ချုပ်သူအဖွဲ့အစည်း၏ ခေါင်းဆောင်ပိုင်းကို ဆက်လက် အမဲလိုက်သွားရန် ဝန်ကြီးချုပ်နှင့် ကျွန်ုပ်က အစ္စရေးကာကွယ်ရေးတပ်ဖွဲ ့- IDF ကို ညွှန်ကြားထားပြီးဖြစ်သည်” ဟု အစ္စရေး ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဝန်ကြီးကတ်စ်က ပြောကြားသည်။
အစ္စရေး၏ ကြေညာချက် ထွက်ပေါ်လာပြီးနောက် အီရန်အစိုးရနှင့် နီးစပ်သော Tasnim သတင်းအေဂျင်စီ က ၎င်းတို့၏ တယ်လီဂရမ်ချန်နယ်တွင် အလီလာရီဂျာနီကိုယ်တိုင် လက်ရေးဖြင့် ရေးသားထားသော စာတစ်စောင်ကို တင်ခဲ့သည်။
ယင်းစာမှာ ကျဆုံးသွားသော ရေတပ်စစ်သည်များအတွက် ဝမ်းနည်းကြောင်း ဖော်ပြထားသည့် စာဖြစ်သည်။
ယင်းစာတွင် ယနေ့ မတ်လ ၁၇ ရက် ဟု ရက်စွဲတပ်ထားသဖြင့် အစ္စရေး၏ သုတ်သင်လိုက်ပြီဆိုသော ကြေညာချက်အပေါ် သံသယဖြစ်စရာ ရှိလာစေသည်။
အကယ်၍ အစ္စရေး၏ ပြောကြားချက်သာ မှန်ကန်ပါက ယင်းမှာ အီရန်၏ ထိပ်တန်း ခေါင်းဆောင်ပိုင်းကို ပစ်မှတ်ထား တိုက်ခိုက်မှုများထဲမှ အကြီးမားဆုံး ဖြစ်စဉ်တစ်ခု ဖြစ်လာမည်ဖြစ်သည်။
သို့သော် အီရန်ဘက်မှ ထုတ်ပြန်သည့် လာရီဂျာနီ၏ လက်ရေးမူစာကြောင့် အမှန်တကယ် သေဆုံးခြင်း ရှိ၊ မရှိ ဆိုသည်မှာ မရေမရာ ဖြစ်နေဆဲဖြစ်သည်။
အီရန်နိုင်ငံ၏ ဩဇာအရှိဆုံး ပုဂ္ဂိုလ်တစ်ဦးဖြစ်သူ အလီလာရီဂျာနီသည် လက်ရှိဖြစ်ပွားနေသော စစ်ပွဲကာလအတွင်း အီရန်နိုင်ငံ၏ စစ်အတွင်း ခေါင်းဆောင်ဟုပင် တင်စားခြင်းခံရသူ ဖြစ်သည်။
၎င်းသည် အီရန်နိုင်ငံ၏ အလွန်ဩဇာကြီးမားသော ဘာသာရေးနှင့် နိုင်ငံရေးမျိုးရိုးမှ ဆင်းသက်လာသူလည်း ဖြစ်သည်။
၎င်း၏ ညီအစ်ကိုများသည်လည်း အီရန်တရားစီရင်ရေးနှင့် ပါလီမန်တို့တွင် ထိပ်တန်းရာထူးများ ရယူခဲ့ဖူးသဖြင့် ၎င်းတို့မိသားစုကို အီရန်၏ ‘ကနေဒီမိသားစု’ (The Kennedys of Iran) ဟုပင် ခေါ်ဆိုကြသည်။
Ref: CNN
#MeKongNews
#အီရန်
#အလီလာရီဂျာနီ
#သုတ်သင်
#အစ္စရေး








