မဲခေါင်၊ မတ် ၇
တာချီလိတ်မြို့တွင် အွန်လိုင်းလောင်းကစားနှင့် ကျားဖြန့်ငွေလိမ်ဂိုဏ်းများကို ဖမ်းဆီးနှိမ်နင်းနေသဖြင့် ထွက်ပြေးလာသည့် တရုတ်နိုင်ငံသား ၁၁ ဦးကို ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့၌ ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်းရင်းမြစ်များအရ သိရသည်။
၎င်းတို့ကို ယမန်နေ့ မတ်လ ၆ ရက်တွင် ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့နယ်၊ ဝင်းဖန်ခမ်းကျေးရွာရှိ ငှားရမ်းထားသော နေအိမ်တစ်လုံးအတွင်း ချင်းရိုင်းလူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
ဖမ်းဆီးရမိသည့် တရုတ်နိုင်ငံသား ကျားဖြန့်ဂိုဏ်းဝင် ၁၁ ဦးနှင့်အတူ လက်ကိုင်ဖုန်း ၄၅ လုံးကို သက်သေအဖြစ် သိမ်းဆည်းရမိခဲ့ပြီး၊ စစ်ဆေးချက်များအရ ၎င်းတို့သည် မြန်မာနိုင်ငံ၊ တာချီလိတ်ဘက်မှ ထွက်ပြေးလာကာ ထိုင်းနိုင်ငံဘက်တွင် လာရောက်ပုန်းရှောင်နေခြင်းဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။
ယင်းကျားဖြန့်ဂိုဏ်းဝင်များကို ကားဖြင့် သယ်ဆောင်ပေးသူ ထိုင်းနိုင်ငံသားတစ်ဦးနှင့် နေအိမ်အစောင့်တစ်ဦးတို့ကိုလည်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
လက်ရှိတွင် မြန်မာနိုင်ငံ၊ တာချီလိတ်ဘက်၌ ကျားဖြန့်လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဖမ်းဆီးနေခြင်းကြောင့် အွန်လိုင်းငွေလိမ်ဂိုဏ်းဝင်များသည် အိမ်နီးချင်း ထိုင်းနိုင်ငံနှင့် လာအိုနိုင်ငံဘက်သို့ နည်းမျိုးစုံဖြင့် ထွက်ပြေးတိမ်းရှောင်နေကြကြောင်း သိရသည်။
#MeKongNews
#တာချီလိတ်
#ကျားဖြန့်
#ထိုင်းနိုင်ငံ
#မယ်ဆိုင်မြို့
#ဖမ်းဆီး








