မဲခေါင်၊ မတ် ၃
တာချီလိတ်မြို့သို့ စက်သုံးဆီများ ပုံမှန်ဝင်ရောက်နေသည့်အတွက် ဆီပြတ်တောက်သွားမည်ကို စိုးရိမ်စရာမရှိကြောင်း စက်သုံးဆီလုပ်ငန်းရှင်များထံမှ သိရသည်။
ထိုင်းအစိုးရက အိမ်နီးချင်းနိုင်ငံများသို့ စက်သုံးဆီရောင်းချမှုကို မတ်လ ၁ ရက်မှစတင်၍ ကန့်သတ်လိုက်သည်ဆိုသည့် သတင်းများကြောင့် တာချီလိတ်ဒေသခံများအကြား ဆီပြတ်တောက်မည်ကို စိုးရိမ်ကာ ဝယ်ယူမှု မြင့်တက်နေခြင်းဖြစ်သည်။
“ဒီနေ့ ဆီရောက်လာတာတွေ ရှိသလို နောက်ထပ်လည်း ထပ်ရောက်ဖို့ ရှိတဲ့အတွက် မစိုးရိမ်ကြပါနဲ့။ လူတွေက ပြုံပြီးဝယ်ကြတော့ ဆိုင်တွေကလည်း ရှိသမျှ အကုန်ထုတ်မရောင်းရဲဘဲ ကန့်သတ်ချက် (Limit) နဲ့ ရောင်းနေရတာပါ။ အဓိက ပြောချင်တာက လူတွေစိုးရိမ်သလောက် ဆီမပြတ်နိုင်ပါဘူး” ဟု စက်သုံးဆီလုပ်ငန်းရှင်တစ်ဦးက ပြောသည်။
ရှမ်းပြည်အရှေ့ပိုင်းသို့ ဝင်ရောက်နေသည့် စက်သုံးဆီများသည် စင်ကာပူနိုင်ငံမှတစ်ဆင့် ဝယ်ယူခြင်းဖြစ်ပြီး၊ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှတစ်ဆင့် နိုင်ငံဖြတ်သန်းခအခွန် ပေးသွင်းကာ တင်သွင်းနေခြင်းဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများဖြစ်သော လာအို၊ ကမ္ဘောဒီးယားနှင့် မြန်မာနိုင်ငံအရှေ့ခြမ်းတို့သည် စက်သုံးဆီကို မူရင်းနိုင်ငံများမှ ဝယ်ယူကာ ထိုင်းနိုင်ငံကို ဖြတ်သန်းသယ်ယူခြင်းသာ ဖြစ်သည်။ ထိုင်းနိုင်ငံထုတ် ဆီများကို တိုက်ရိုက်ဝယ်ယူသုံးစွဲနေခြင်း မဟုတ်သည့်အတွက် ထိုင်းနိုင်ငံ၏ ပြည်တွင်းဆီကန့်သတ်ချက်မှာ မြန်မာနိုင်ငံအတွက် စိုးရိမ်စရာမရှိကြောင်း သိရသည်။
ထိုင်းအစိုးရ၏ ထုတ်ပြန်ချက်အရ ထိုင်းနိုင်ငံအတွင်း၌ အရံစက်သုံးဆီ လီတာသန်းပေါင်း ၇,၆၆၀ ခန့်ရှိပြီး အဆိုပါပမာဏမှာ ရက်ပေါင်း ၆၀ စာအတွက်သာ ကျန်ရှိတော့ကြောင်း ထုတ်ပြန်ထားခြင်းဖြစ်သည်။
#MeKongNews
#တာချီလိတ်
#စက်သုံးဆီ
#ထိုင်းနိုင်ငံ
#ရှမ်းအရှေ့








