မဲခေါင်၊ ဖေဖော်ဝါရီ ၁၃
ရှမ်းပြည်မြောက်ပိုင်း၊ စစ်ကောင်စီ ထိန်းချုပ်ထားသော လားရှိုးမြို့တွင် ဝပ်ရှော့သုံး ဆိုင်ကယ်အစုတ်ကိုပင် ဓားဖြင့်ခုတ်၍ လုယက်မှုဖြစ်ပွားကြောင်း ဒေသခံများထံမှ သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၀ ရက် ည ၉ နာရီခွဲခန့်တွင် မန်ဆူဘုရားအနီးရှိ Brother ဝပ်ရှော့မှ လူငယ် ၂ ဦး ဆိုင်ကယ်စီး ပြန်လာစဉ် အမှတ် (၇) မူလတန်းကျောင်း အကျော်၌ လူ ၂ ဦးက ဓားဖြင့်ခုတ်၍ ဆိုင်ကယ် လုယက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ လုယက်ခံရမှုကြောင့် လူငယ်တစ်ဦး၏ ဦးခေါင်းတွင် ဓားဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့ပြီး ဆေးရုံတွင် ၉ ချက်ခန့် ချုပ်ခဲ့ရကြောင်း ဖြစ်စဉ်ကို သိရှိသူတစ်ဦးက ပြောသည်။
“အရင်တစ်ခေါက်ကလည်း လုခံရသေးပေမယ အ့်ခုလို မထိဘူး၊ ဆိုင်ကယ်ကအစုတ်ပါ အကာတောင် မရှိဘူး။ ခေတ်ကြီးက ပျက်နေပြီ၊ ဆိုင်ကယ်အစုတ်တောင်အလုခံရတာ။ သတိထားကြဖို့ပါ”ဟု ဝပ်ရှော့နှင့် နီးစပ်သူက ပြောသည်။
လားရှိုးမြို့ပေါ်ရှိ ရပ်ကွက် ၁၂ ခုကိုသာ ထိန်းချုပ်ထားနိုင်သည့် စစ်ကောင်စီ အုပ်ချုပ်ရေးပိုင်းမှာ မြို့၏ တရားဥပဒေစိုးမိုးရေးကို အပြည့်အဝ ထိန်းချုပ်နိုင်စွမ်း မရှိသဖြင့် မကြာမီကပင် သံဃာတစ်ပါး အသတ်ခံရမှုနှင့် ရွှေဆိုင်ဓားပြတိုက်မှု အပါအဝင် ရာဇဝတ်မှုမျိုးစုံ နေ့စဉ်နှင့်အမျှ ဖြစ်ပွားနေသောကြောင့် ထိတ်လန့်စွာ နေထိုင်နေကြရကြောင်း မြို့ခံများထံမှ သိရသည်။
လားရှိုးမြို့အား ၁၀၂၇ စစ်ဆင်ရေးအတွင်း ကိုးကန့်တပ်ဖွဲ့ – MNDAA က သိမ်းပိုက်ခဲ့ပြီးနောက် ယမန်နှစ် ဧပြီလတွင် တရုတ်ဖိအားကြောင့် စစ်ကောင်စီထံ ပြန်လည် လွှဲပြောင်းပေးခဲ့ရသည်။
#MeKongnews
#လုံခြုံမှု
#လားရှိုး
#ဓားခုတ်
#လုယက်








