မဲခေါင်၊ ဖေဖော်ဝါရီ ၁၁
အရပ်သားများ သေဆုံးစေသည့် လေကြောင်း တိုက်ခိုက်မှုများကို စစ်ကောင်စီက တိုးမြှင့် လုပ်ဆောင်နေသော်လည်း ကမ္ဘာ့ခေါင်းဆောင်များက လျစ်လျူရှုထားကြောင်း ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ – RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်ဆစ်က စွပ်စွဲ ပြစ်တင်လိုက်သည်။
ထို့ပြင် မြန်မာ့ပဋိပက္ခအတွင်း တရုတ် တစ်နိုင်ငံတည်းသာ ကြားဝင် ဆောင်ရွက်နေကြောင်းလည်း ၎င်းက ထည့်သွင်း ပြောဆိုခဲ့သည်။
“အရပ်သားပြည်သူတွေ ဒုက္ခရောက်နေကြပါတယ်။ အဲဒါကို နိုင်ငံတကာ မိသားစုအနေနဲ့ လျစ်လျူ မရှုထားစေချင်ပါဘူး” ဟု ဗိုလ်ချုပ်ကြီးယွက်ဆစ်က ၎င်း၏ စစ်ဌာနချုပ်တွင် ပြောကြားခဲ့သည်။
စစ်ကောင်စီက တစ်နိုင်ငံလုံး ဗုံးကြဲတိုက်ခိုက်မှုများကို အရှိန်မြှင့် လုပ်ဆောင်နေသော်လည်း ယင်းပရမ်းပတာ အခြေအနေများကို တားဆီးရန် ကမ္ဘာကြီးက ပျက်ကွက်နေကြောင်းလည်း ၎င်းက ဆက်လက် ပြောကြားသည်။
Myanmar Peace Monitor ၏ အချက်အလက်များအရ လွန်ခဲ့သည့် ၁၅ လအတွင်း အရပ်သား နေရာပေါင်း ၁၀၀၀ ကျော်ကို စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်ခဲ့ကြောင်း ၎င်းက ကိုးကား ပြောဆိုခဲ့သည်။
“ဒီဘက်ခေတ်မှာ ဘယ်သူ့ကို အားကိုးရမလဲဆိုတာတောင် ကျနော်တို့ မစဉ်းစားတတ်တော့ဘူး” ဟု ဗိုလ်ချုပ်ကြီးယွက်ဆစ်က ထပ်လောင်း ပြောကြားသည်။
၂၀၂၄ ခုနှစ်နှောင်းပိုင်းမှစ၍ စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှုများကြောင့် အနည်းဆုံး အရပ်သား ၁၇၂၈ ဦး သေဆုံးခဲ့ရပြီး၊ လေတပ်အင်အား မရှိသည့် ဒီမိုကရေစီလိုလားသော တော်လှန်ရေးတပ်ဖွဲ့များ၏ ထိုးစစ်ဆင်နိုင်မှုကိုလည်း နှေးကွေးသွားစေခဲ့သည်။
စစ်ကောင်စီဘက်ကမူ ၎င်းတို့သည် အကြမ်းဖက်သမားများကိုသာ ပစ်မှတ်ထား တိုက်ခိုက်ခြင်း ဖြစ်သည်ဟု ငြင်းဆိုထားသည်။
ရိုင်ဖယ်များနှင့် RPG များ ကိုင်ဆောင်ထားသည့် စစ်သည်အင်အား ၁၀၀၀ ခန့်၏ စစ်ရေးပြအခမ်းအနားသို့ တက်ရောက်လာသော လူထောင်ပေါင်းများစွာကို မိန့်ခွန်းပြောကြားရာတွင် ဗိုလ်ချုပ်ကြီးယွက်ဆစ်က စစ်ကောင်စီအား ပြင်းပြင်းထန်ထန် ဝေဖန် ပြောဆိုခဲ့သည်။
၎င်းသည် စစ်ကောင်စီနှင့် အပစ်အခတ် ရပ်စဲရေးကို ထိန်းသိမ်းထားပြီး ပါးနပ်သော နိုင်ငံရေး ကစားသမားတစ်ဦးအဖြစ် ကာလရှည်ကြာ ရှုမြင်ခံခဲ့ရသူလည်း ဖြစ်သည်။
ရာထူးမှ ဖယ်ရှားခံခဲ့ရသည့် ဒေါ်အောင်ဆန်းစုကြည်၏ အစိုးရကို ၎င်းက ချီးကျူးခဲ့ပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကိုမူ ဝေဖန်ခဲ့သည်။
မြန်မာနိုင်ငံ၏ ပရမ်းပတာအခြေအနေများမှာ အတ္တ၊ မာန်မာနနှင့် လောဘတို့ ရှေ့တန်းတင်ထားသည့် ခေါင်းဆောင်မှုကြောင့် ဖြစ်ရခြင်းဖြစ်ပြီး၊ လူထု၏ ဆန္ဒထက် တစ်ဦးတစ်ယောက်၏ အလိုကို ဦးစားပေး ခဲ့ခြင်းကြောင့်ဖြစ်သည် ဟု ဗိုလ်ချုပ်ကြီးယွက်ဆစ်က ပြစ်တင် ပြောဆိုခဲ့သည်။
ယင်းကိစ္စနှင့် ပတ်သက်၍ မှတ်ချက်ပေးရန် စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူထံသို့ ရိုက်တာက ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ချက်ချင်း ပြန်လည် ဖြေကြားခြင်း မရှိသေးပေ။
အခြား တစ်ဖက်တွင်လည်း တိုင်းရင်းသားအဖွဲ့များနှင့် အကြမ်းဖက်အဖွဲ့များ အနေဖြင့် လက်နက်ကိုင် လမ်းစဉ်ကို စွန့်လွှတ်ကာ ငြိမ်းချမ်း ရေးဆွေးနွေးပွဲများတွင် ပါဝင်ကြရန် ထုတ်ပြန်ချက်တစ်ခုမှ တစ်ဆင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က တိုက်တွန်းခဲ့သည်။
ဗိုလ်ချုပ်ကြီးယွက်ဆစ်ကမူ ယင်းတောင်းဆိုချက်သည် မည်သူမျှ လက်မခံသည့် သတင်းစကားဟောင်း တစ်ခုသာ ဖြစ်ကြောင်း ပယ်ချခဲ့သည်။
သို့သော်လည်း ၎င်း၏တပ်ဖွဲ့ အနေဖြင့် အစိုးရသစ်၏ လုပ်ရပ်များကို ကြည့်၍ ဆုံးဖြတ်သွားမည် ဖြစ်ကြောင်းနှင့် တိုက်ပွဲများ ပြန်လည် စတင်ခြင်းထက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းမှုကိုသာ ပိုမို လိုလားကြောင်း ပြောကြားခဲ့သည်။
RCSS သည် တရုတ်နှင့် ထိုင်းနိုင်ငံကြားက ဗျူဟာမြောက် နယ်မြေကို ထိန်းချုပ်ထားပြီး ထိုင်းနယ်စပ်ရှိ တောတောင်ထူထပ်သော ဒေသတွင် တည်ရှိသည့် လွယ်တိုင်းလျံ ဌာနချုပ်တွင် အခြေစိုက်သည်။
မြန်မာစစ်ကောင်စီ၏ အာဏာကို ပိုမိုခိုင်မာစေခဲ့သည့် ရွေးကောက်ပွဲ ကျင်းပပြီး ရက်ပိုင်းအကြာတွင် RCSS ဥက္ကဌ ဗိုလ်ချုပ်ကြီးယွက်ဆစ်က မီဒီယာများနှင့် တွေ့ဆုံခဲဲ့ခြင်းဖြစ်သည်။
၎င်းသည် နှစ်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ် အဖြစ် မီဒီယာများနှင့် တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး ရိုက်တာသတင်းဌာနသည် ယင်းတွေ့ဆုံပွဲသို့ တက်ရောက်ခွင့် ရခဲ့သည့် တစ်ခုတည်းသော နိုင်ငံတကာမီဒီယာ ဖြစ်သည်။
မြန်မာနိုင်ငံသည် ရာစုနှစ်ဝက်အတွင်း ပထမဆုံးသော ဒီမိုကရေစီအစိုးရ ဖြစ်သော ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ အစိုးရကို ဖြုတ်ချခဲ့သည့် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု နောက်ပိုင်း တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပဋိပက္ခများအတွင်း နစ်မွန်းနေခဲ့ရခြင်း ဖြစ်သည်။
Ref: Reuters
#MeKongnews
#စစ်ကောင်စီ
#လေကြောင်းတိုက်ခိုက်
#ကမ္ဘာ့ခေါင်းဆောင်များ
#နှုတ်ဆိတ်နေ
#RCSS
#ပြစ်တင်








